စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

လက်ကိုင်ဖုန်းဟန်းဆက် (Handset) နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသည့် အရောင်းပြေစာအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်ကြောင်း သတင်းပေးတင်ပြပါက ဆုကြေးငွေချီးမြှင့်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

  • ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် လက်ကိုင်ဖုန်းဟန်းဆက် (Handset)နှင့် ဆက်စပ်အပိုပစ္စည်းများ တင်သွင်းရောင်းချသူများ၊ အရောင်းဆိုင်များမှ လက်ကိုင်ဖုန်းဟန်းဆက် (Handset)နှင့် ဆက်စပ်အပိုပစ္စည်းများ ရောင်းချသည့် အရောင်းပြေစာ အပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချခြင်းကို ၁-၆-၂၀၁၉ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
  • လက်ကိုင်ဖုန်းဟန်းဆက် (Handset)နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူသူပြည်သူများ အနေဖြင့် အဆိုပါပစ္စည်းများ ဝယ်ယူခြင်းအတွက် ကျသင့်သော စုစုပေါင်းတန်ဖိုးအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကျသင့်မည် ဖြစ်ပါသည်။
  • ယခုလက်ရှိကာလတွင် လက်ကိုင်ဖုန်းဟန်းဆက် (Handset)နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူသူသို့ထုတ်ပေးမည့် ပြေစာတွင် ကပ်နှိပ်မည့် အခွန်အမှတ်တံဆိပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(50Ks)          (100Ks) (200Ks)  (500Ks)    

(1000Ks)    

(5000Ks) (10000Ks)
  • လက်ကိုင်ဖုန်းဟန်းဆက် (Handset)နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူသူပြည်သူများအနေဖြင့် ကျသင့်အခွန်နှင့် ညီမျှသော အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသော ပြေစာများ တောင်းယူကြပါရန်နှင့် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိသော ပြေစာများ၊ (အမှတ်တံဆိပ်သည် ငါးဆယ်ကျပ်တန် အနည်းဆုံးဖြစ်ပါသဖြင့် အခွန်ကျပ်ငါးဆယ်အောက် တန်ဖိုးအတွက် အခွန်အမှတ်တံဆိပ် လျော့နည်းခြင်းမှအပ) ကျသင့်အခွန်နှင့်ညီမျှသော အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိသော ပြေစာများ ထုတ်ပေးခြင်း သို့မဟုတ် ပြေစာထုတ်ပေးရန် ပျက်ကွက်ခြင်းများ တွေ့ရှိပါက အောက်ပါအတိုင်း သတင်းပေးတိုင်ကြားနိုင်ပြီး ဆုကြေးငွေထုတ်ယူနိုင်ပါသည်-
    • (က)    မည်သည့်အခွန်ရုံး၌မဆို တိုင်ကြားနိုင်ပါသည်။
    • (ခ)     အောက်ပါအထောက်အထားများနှင့်အတူ တိုင်ကြားရပါမည်။
      • (၁)     ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန်/ လုံလောက်စွာ ကပ်နှိပ်ရန် ပျက်ကွက်သည့် ပြေစာမူရင်း၊
      • (၂)      ပြေစာထုတ်ပေးရန်  ပျက်ကွက်ခြင်းဖြစ်ပါက ထိုသို့ပျက်ကွက်ကြောင်း ခိုင်လုံစွာ တင်ပြနိုင်သည့် လုံလောက်သောအထောက်အထား၊
      • (၃)     ဆုကြေးငွေထုတ်ပေးနိုင်ရန်အတွက် တိုင်ကြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။
  • သတင်းပေးတင်ပြသူ မည်သူမည်ဝါဖြစ်ကြောင်း အစိုးရကိစ္စမှတစ်ပါး ထုတ်ဖော်ခြင်းပြုမည် မဟုတ်ပါ။
  • ချီးမြှင့်မည့် ဆုကြေးငွေပမာဏမှာ-
    • (က)    ပျက်ကွက်သည့်အခွန်၏ ၁၀၀ ရာခိုင်နှုန်းအဖြစ် တပ်ရိုက်သည့် ဒဏ်ငွေ၏  ၁၀ ရာခိုင်နှုန်း၊
    • (ခ)     ပျက်ကွက်သည့်အကြိမ်အလိုက် တပ်ရိုက်သည့်ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်း၊
  • ချီးမြှင့်သော ဆုကြေးငွေပမာဏသည် ပျက်ကွက်သည့်အခွန်နှင့် အကြိမ်အရေအတွက်အပေါ် မူတည်၍ အနည်းဆုံးပမာဏ ကျပ်နှစ်သောင်းမှ ကျပ်တစ်သိန်းနှင့်အထက် ရရှိနိုင်မည် ဖြစ်ပါသည်။
  • နိုင်ငံတော်သို့ ပေးဆောင်ထိုက်သည့်အခွန်ငွေများ အပြည့်အဝကောက်ခံရရှိစေရေးအတွက် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ပေးကြသည့် လုပ်ငန်းရှင်ကြီးများနှင့် အခွန်ပေးဆောင်နေကြသည့် ပြည်သူများအား အထူးပင် ကျေးဇူးတင်ရှိပါသည်။
  • မရှင်းလင်းသည့်အချက်များကို အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး (သို့မဟုတ်)အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁) (၂) (၃) (၄)(သို့မဟုတ်) ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်) ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဖုန်းနံပါတ်- ၀၆၇-၃၄၃၀၅၃၃ ၊ ၀၆၇- ၃၄၃၀၅၂၂ (သို့မဟုတ်)အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်) အမှတ် ၅၉/၆၁၊ မြေညီထပ်၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ်- ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) ၆၅လမ်း ၂၂ x ၂၃ ကြား၊ အောင်မြေသာဇံမြို့နယ်၊ ဖုန်းနံပါတ်- ၀၂-၄၀၃၀၁၉၂ သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန