• ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ထမ်းဝန်ဆောင်မှုဆိုင်ရာသင်တန်းကို ၁၄-၈-၂၀၁၈ ရက်နေ့မှ ၁၆-၈-၂၀၁၈ ရက်နေ့အထိ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၏ သင်တန်းခန်းမတွင် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူး ဦးတက်ထွဋ်အောင်နှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးဌာနမှူး ဒေါ်ခင်ယမုန်အောင်တို့၏ ကြီးကြပ်မှုဖြင့် ကျင်းပပြုလုပ်လျှက်ရှိပါသည်။

    အဆိုပါ သင်တန်းတွင် ပြည်တွင်းပြည်ပမှ ဆရာ/ဆရာမများက သင်ကြားပို့ချပေးလျက်ရှိပြီး အခွန်ထမ်းဝန်ဆောင်မှုပေးမည့် အရာထမ်း/အမှုထမ်း (၁၇)ဦးတို့က တက်ရောက်လျှက်ရှိကြောင်းနှင့် ဒုတိယအကြိမ် အခွန်ထမ်းဝန်ဆောင်မှုဆိုင်ရာသင်တန်းကို ၁၇-၈-၂၀၁၈ မှ ၂၁-၈-၂၀၁၈ ရက်နေ့ အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

  • မြစ်ကြီးနားမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၏ အခြေခံပညာအထက်တန်းအဆင့် အခွန်ဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းပွဲအခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အ.ထ.က(၁) မြသီတာခန်းမတွင် ၂၀၁၈ ခုနှစ် ၊ သြဂုတ်လ ၃ ရက်နေ့ နံနက် ၉:၀၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်နွယ်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်နေဟိဏ်းတို့မှ ဟောပြောရှင်းလင်းခဲ့ကြပါသည်။

    အဆိုပါ ရှင်းလင်းဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ(၃၀)ဦးနှင့် ကျောင်းသား/သူ (၁၂၀၀)ဦးတက်ရောက်ခဲ့ပြီး ၎င်းတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

  • ရန်ကုန်မြို့၊ သီလဝါအထူးစီးပွားရေးဇုံ၏ အစည်းအဝေးခန်းမတွင် ၁၄-၈-၂၀၁၈ ရက်နေ့ ညနေ ၃:၀၀ နာရီ၌ Thilawa SEZ Management Committee မှ ကြီးမှူးကျင်းပသော အစည်းအဝေးတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးမှ ဌာနမှူး ဦးတက်ထွဋ်အောင်မှ မိတ်ဆက်စကားပြောကြားခဲ့ပြီး  သတင်းအချက် အလက်နှင့် နည်းပညာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတင်မောင်သန့်၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဝင်း တို့မှ အီလက်ထရွန်နစ်စနစ် ဖြင့် အခွန်ပေးဆောင်ခြင်းနည်းလမ်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။

    အဆိုပါ အစည်းအဝေးကို Thilawa SEZ Management Committee မှ ဖိတ်ကြားထားသော သီလဝါအထူးစီးပွားရေးဇုံရှိ ရင်းနှီးမြှုပ်နှံသူ (၁၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ Call Room တွင် ၁၃-၈-၂၀၁၈ ရက်နေ့ နံနက် ၁၀:၃၀ နာရီ၌ Renaissance Institute အဖွဲ့မှ Professor Robert Conrad ၊ Matthew Hamilfon ၊ ဦးအာကာဟိန်းတို့နှင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်မြမြဦး၊ အခွန်မူဝါဒနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးတင်ထွေး၊ ဥပဒေရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန်းဝင်းတို့နှင့် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရတနာတို့ တွေ့ဆုံ၍ အခွန်မူဝါဒဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြောင်း သိရှိရပါသည်။

  • နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၁၀-၈-၂၀၁၈ ရက်နေ့ မွန်းလွဲ ၂:၃၀ နာရီ၌ Myanmar – Japan Joint Initiative Tax Affairs အား ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒ) ဦးဇေယျကြည်ညွန့်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်(အခွန်ကြီးကြပ်) ဦးသန်းဇော်ဝင်းတို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ဂျပန်နိုင်ငံမှ Mr. Sunao ISHIMARU ၊ JCCM (Japan Chamber of Commerce and Industry, Myanmar)အဖွဲ့မှ တာဝန်ရှိသူများ JETRO (Yangon Office) မှ တာဝန်ရှိသူများ၊ JICA (Myanmar Office)မှ တာဝန်ရှိသူများနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

Pages