Quick Tab FAQ

ဂျပန်နိုင်ငံသားများပါဝင်သော အဖွဲ့တစ်ဖွဲ့မှ လာရောက်၍ မေးမြန်းသည်မှာ ၎င်းတို့၏ JVကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ဒီဇယ်များကို Normal Trade ဖြင့် ရန်ကုန်ဆိပ်ကမ်းသို့ တင်သွင်း၍ မူဆယ် မြို့မှတဆင့် Re-export စနစ်ဖြင့် တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ရာတွင် မည်သည့်အခွန်များ ကျသင့်မည်ကို သိရှိလို ၍ မေးမြန်းခြင်း။

ဂျပန်နိုင်ငံသားများပါဝင်သော JVကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ဒီဇယ်များတင်သွင်းလာရာတွင် ရန်ကုန်ဆိပ်ကမ်း၌ ကြိုတင်ဝင်ငွေခွန် ၂%၊ ကုန်းပေါ်ရောက်တန်ဖိုးအပေါ် အထူးကုန်စည်ခွန် ၅% နှင့် အထူးကုန်စည်ခွန် အပါအဝင်ဖြစ်သော ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင် ကုန်သွယ် လုပ်ငန်းခွန် ၅ % ပေးဆောင်ရမည်ဖြစ်ပါသည်။ အထူးကုန်စည်ဖြစ်သော ဒီဇယ်ကို Re-export စနစ်ဖြင့် မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ခြင်းအပေါ်တွင် ကြိုတင်ဝင်ငွေခွန် ၂% ကို ထပ်မံပေးဆောင်ရန်မလိုပါ။ ဒီဇယ်ကို ပြည်ပသို့ပြန်လည် တင်ပို့ ခြင်းအပေါ် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၁(ခ) အရ အထူး ကုန်စည်ခွန်မကျသင့်ပါ။ ဒီဇယ်ကို ပြည်ပသို့တင်ပို့ခြင်းအပေါ်တွင် ၂၀၁၈ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၇ (ခ) အရ ရောင်းရငွေအပေါ်တွင် ၀% ဖြင့် ကုန်သွယ်လုပ် ငန်းခွန်ကျသင့်မည်ဖြစ်ပါသည်။ ပြည်ပသို့ တင်ပို့ရောင်းချခြင်းအတွက် ကျသင့်ကုန်သွယ် လုပ်ငန်းခွန်မှ ကုန်စည်ကိုဝယ်ယူစဉ် သို့မဟုတ် ထုတ်လုပ်စဉ်က ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်ကို စည်းမျဉ်းများနှင့်အညီခုနှိမ်နိုင်သည်။ ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း များတွင် မည်သို့ဆိုစေကာမူ ပြည်ပပို့ကုန်များနှင့်စပ်လျဉ်း၍ ပြည်ပသို့တင်ပို့ ရောင်းချခြင်း အတွက် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်သည် ကုန်စည်ကိုဝယ်ယူစဉ် သို့မဟုတ် ထုတ်လုပ်စဉ်က ပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန်အောက် လျော့နည်းနေပါက ပြန်အမ်းငွေတောင်းခံ နိုင်သည်။ ဝင်ငွေခွန်မှာ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၃ (က) (၁) အရ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များမနုတ်မီ  ယင်းကုမ္ပဏီကရရှိသည့် စုစုပေါင်း အသားတင်အမြတ်ဝင်ငွေအပေါ် ၂၅% ဖြင့် ဝင်ငွေခွန်ထမ်းဆောင်ရမည်ဖြစ်ပါ သည်။ ကျသင့်ကြိုတင်ဝင်ငွေခွန်များကို စည်းကြပ်မှုအရကျသင့်သည့် ဝင်ငွေခွန်မှ ခုနှိမ်ပေး မည်ဖြစ်ပါသည်။

 

 

 

 

 

အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၁၈ ၏အပိုဒ် ၅ ပါနှစ်တစ်နှစ်အတွင်း စုစုပေါင်းပေးချေငွေ ကျပ် ၁၀ သိန်းအထိ အခွန်နုတ်ယူပေးသွင်းခြင်းမပြုရဟူသည့် ပြဌာန်းချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းစွာ သိရှိလိုပါသည်။

ပထမအကြိမ်ငွေပေးချေချိန်တွင် ကျပ် ၁၀ သိန်းမပြည့်သေးဘဲ ဒုတိယ အကြိမ်တွင် ၂ ရပ်ပေါင်း ကျပ် ၁၀ သိန်းထက်ကျော်လွန်ပါက စုစုပေါင်းပေးချေငွေကျပ်  ၁၀ သိန်းထက် ကျော်လွန်သည့် ပေးချေငွေမှစတင်၍  နုတ်ယူပေးသွင်းရမည်ဖြစ်ပါသည်။

ကျောက်မျက်ရတနာပြပွဲ၌ ကျောက်မျက်ရတနာရောင်းချပြီး ကြိုတင်စရံငွေပေးသွင်းခဲ့သော်လည်း အရောင်းအဝယ်ကိစ္စ ပျက်ပြယ်ခဲ့လျှင် ၎င်းကြိုတင်ငွေပေးချေပြီးမှုအပေါ် အထူးကုန်စည်ခွန် ကျသင့်မည်လား၊ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်လား။

ကျောက်မျက်ရတနာပြပွဲ၌ ကျောက်မျက်ရတနာရောင်းချပြီး ကြိုတင်စရံငွေရခဲ့သော်လည်း အရောင်းအဝယ် ပျက်ပြယ်သဖြင့် စရံငွေကိုရောင်းချသူမှရရှိသည့်ကိစ္စတွင် အထူးကုန်စည်ခွန် ရောင်းချရခြင်းမှ ရရှိသောဝင်ငွေမဟုတ်ဘဲ၊ ဝန်ဆောင်ခအနေဖြင့် ရရှိခဲ့ခြင်းကြောင့် အထူးကုန်စည်ခွန် ကျသင့်မည်မဟုတ်ဘဲ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ ကင်းလွတ်ခွင့်ရှိသည့် ဝန်ဆောင်မှုတွင်မပါဝင်၍ ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည် ဖြစ်ပါသည်။

အထူးကုန်စည်များကို ရောင်းချသည့်လကုန်ဆုံးပြီး (၁၀) ရက်အတွင်းကျသင့်အခွန် ပေးဆောင်ရမည်ဟုပြဋ္ဌာန်းထားရာ ကျောက်မျက်ရတနာများအနေဖြင့် မည်သည့်နေ့ကို ရောင်းချသည့်နေ့ဟုသတ်မှတ်သင့် ကြောင်း၊ ကြိုတင်စရံငွေပေးသွင်းသည့်နေ့ကို ဆိုလိုပါသလား (သို့) ငွေပေးချေပြီးနေ့ ကိုဆိုလိုပါသလားသိလိုခြင်း။

ကျောက်မျက်ရတနာရောင်းချရာတွင် ကျောက်မျက်ရတနာပြပွဲတွင်ရောင်းချပြီးနောက် ကျောက်မျက်ရတနာတန်ဖိုးငွေအပြည့် ပေးချေသည့်နေ့ကို ရောင်းချသည့်နေ့ဟု မှတ်ယူရမည်ဖြစ်ပါသည်။

လုပ်ငန်းဥပစာနေရာအတွင်းမှ အရက်၊ စီးကရက်၊ ဝိုင် တို့အား မည်သို့ဆောင်ရွက်ပြီးမှသာ အခြားတစ်နေရာသို့ ရွှေ့ပြောင်းခွင့်ရှိမည်နည်း။

ထုတ်လုပ်သည့် လုပ်ငန်းဥပစာနေရာအတွင်းမှ အရက်၊ စီးကရက်၊ ဝိုင်တို့အား အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပြီးမှသာ အခြားတစ်နေရာသို့ ရွှေ့ပြောင်းခွင့်ရှိနိုင်မည်ဖြစ်သည်။

Pages

မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ မကြီးကျေးရွာမှ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရန်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပညာရေးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာလူထုလုပ်အားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ကုန်သွယ်လုပ်ငန်းခွန် ၅ % နှင့် ဝင်ငွေခွန် ၂ %  ကင်းလွတ်ခွင့် ရှိ / မရှိ မေးမြန်းခြင်း။

မကြီးကျေးရွာမှ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ခြင်းသည် ပညာရေးဦးစီး ဌာနနှင့် အဆောက်အဦဦးစီးဌာန (မြို့ပြ) တို့ ဦးစီးဌာနအဖွဲ့အစည်းအချင်းချင်း ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုဖြစ်လျှင် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ ၁၄ (ဃ) အမှတ်စဉ် ၂၇ အရ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ပါ။ ထို့အပြင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၊ ၅၁/၂၀၁၇ ၏ အပိုဒ် ၆(က)တွင် အစိုးရအဖွဲ့အစည်းအချင်းချင်း ပေးချေငွေများ၊ အစိုးရအဖွဲ့အသီးသီးနှင့် နိုင်ငံပိုင်လုပ်ငန်းဌာနများသို့ ပေးချေငွေများအပေါ် ပေးချေငွေထုတ်ပေးသည့် အချိန်၌ ပင်ရင်းမှဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းမပြုရပါ။

ပို့ဆောင်ရေးဝန်ကြီးဌာနပိုင် မြေနေရာဂိုဒေါင်အား ကာကွယ်ရေးဝန်ကြီးဌာနမှ ရိက္ခာများ သိုလှောင်ထားရှိရန် ငှားရမ်းမည်ဖြစ်ရာ ငှားရမ်းခတွင် ကုန်သွယ်လုပ်ငန်းခွန်အပါအ၀င် ပေးရခြင်း ရှိ/မရှိ သိရှိလို၍မေးမြန်းခြင်း။

ပို့ဆောင်ရေးဝန်ကြီးဌာနပိုင်မြေနေရာ ဂိုဒေါင်အား ကာကွယ်ရေးဝန်ကြီးဌာနမှ ရိက္ခာများ သိုလှောင် ထားရှိရန်မြေနေရာငှားရမ်းမှုအတွက် ယင်းဝန်ဆောင်မှုလုပ်ငန်းမှာ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄(ဃ) ရှိ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ဝန်ဆောင်မှု အမျိုးအစား ဖြစ်သည့်အမှတ်စဉ် ၂၉ ပါ ဦးစီးဌာန စသည့်အဖွဲ့အစည်း အချင်း ချင်းဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများ ( နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးစေခြင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ဝန်ဆောင်မှု ရယူခြင်းမပါ) အမျိုးအစားတွင် ပါဝင်ပါသဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်းမရှိပါ။

Myanmar Land & Development Limited သည် Myanmar Wanbao Mining Copper Ltd. ထံမှ ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် ကျောက်ကွင်းယာယီခြံစည်းရိုးဘေး မြေသားတမံဘောင် ဆောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စာချုပ်ချုပ်ဆိုပြီး ကန်ထရိုက်လုပ်ဆောင်ခဲ့ခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ % ကင်းလွတ်ခွင့် ရှိ/ မရှိ မေးမြန်းခြင်း။

ကုမ္ပဏီမှ တင်ပြသော ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် ကျောက်ကွင်းယာယီခြံစည်းရိုး ဘေး မြေသားတမံဘောင် ဆောက်လုပ်ခြင်းလုပ်ငန်းသည် ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၁ (စ) အရ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်း (၂၆)မျိုးတွင် မပါဝင်ပါသဖြင့် ပုဒ်မ ၁၁ (စ) အရ ကုန်သွယ် လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါသည်။

သီလဝါအထူးစီးပွားရေးဇုန်အတွင်း၌ ဆောက်လုပ်ရေး လုပ်ဆောင်ခွင့်ရကုမ္ပဏီက အထူးဇုန် အတွင်း၌ လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများမှာ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရထားသူများဖြစ်သဖြင့် ဆောက်လုပ်ရေးအတွက်ပေးချေရရှိငွေတွင် ကုန်သွယ်လုပ်ငန်းခွန် မပါသော ပေးချေငွေကို ရရှိထားပါကြောင်း၊ သို့ပါ၍ ဆောက်လုပ်ရေးကုမ္ပဏီအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရခြင်း ရှိ/မရှိ နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရရှိရန် မည်သို့ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း သိလိုသဖြင့်မေးမြန်းခြင်း။

သီလဝါအထူးစီးပွားရေးဇုန်အတွင်း၌ ဆောက်လုပ်ရေးလုပ်ကိုင်ခွင့်ရ ကုမ္ပဏီအနေဖြင့် အဆောက်အဦ ဆောက်လုပ်ပေးခြင်းအတွက် ပေးချေရရှိငွေတွင် ကုန်သွယ်လုပ်ငန်းခွန် မပါသော ပေးချေငွေကို ရရှိထားခြင်းနှင့်ပတ်သက်၍ ကုမ္ပဏီအနေဖြင့် အခွန်စည်းကြပ်မှုခံယူ ရာတွင် အထူးစီးပွားရေးဇုန်အတွင်းရှိ လုပ်ငန်းများအတွက် လုပ်ကိုင်ပေးခြင်းမှရရှိငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ရရှိနိုင်ရေး အထောက်အထားပြည့်စုံစွာတင်ပြရမည်ဖြစ် ပါသည်။ အထောက်အထားများတင်ပြရာတွင်လည်း ရင်းနှီးမြုပ်နှံမှုနှင့် အထူးစီးပွားရေးဇုန် ဥပဒေအရ ကင်းလွတ်ခွင့်ရရှိထားသည့် ကင်းလွတ်ဇုန်အတွင်း တည်ရှိကြောင်း ကုမ္ပဏီ၏ အချက်အလက်များ၊ အထူးစီးပွားရေးဇုန်ကော်မတီမှ အမိန့်ကြော်ငြာစာထုတ်ပြန်၍ ကင်းလွတ် ခွင့်ပြုသည့် လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း အထောက် အထားများရယူတင်ပြ၍ စည်းကြပ်မှုခံယူရမည်ဖြစ်ပါသည်။

Shwe Toe Nayar Co., Ltd သည် ပြည်ပမှ Dried Mushroom, Dried Black Fungus များ တင်သွင်းရာ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/ မရှိ မေးမြန်းခြင်း။

Dried Mushroom, Dried Black Fungus တို့သည် ဟင်းသီးဟင်းရွက်ကို ဖန်တီး ပြုပြင်သည့်နည်းဖြင့် အသွင်သဏ္ဍာန် ပြောင်းလဲထားသောကြောင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။

Pages

ဝန်ထမ်းပိုင်ဆိုင်ကယ်ဖြင့် ကုမ္ပဏီကိစ္စအတွက် ခရီးသွားရာတွင် ဆိုင်ကယ်ဆီဖိုးငွေပေး ခြင်းနှင့် ဆိုင်ကယ်ပြင်ဆင်စရိတ် ငွေထုတ်ပေးခြင်းအပေါ် လစာဝင်ငွေခွန် တွက်ချက်ရာ တွင် ထည့်သွင်းတွက်ချက်ရခြင်း ရှိ/မရှိ သိရှိလိုပါသည်။

ကုမ္ပဏီကိစ္စအတွက် ခရီးသွားရာတွင် ဆိုင်ကယ်ဆီဖိုးငွေပေးခြင်းနှင့် ဆိုင်ကယ်ပြင်ဆင် စရိတ်ငွေထုတ်ပေးခြင်းသည် ကုမ္ပဏီကိစ္စများဆောင်ရွက်ရာတွင် ကုန်ကျသည့်အသုံး စရိတ် ဖြစ်သဖြင့် လစာဝင်ငွေခွန် တွက်ချက်ရာတွင် ထည့်သွင်းတွက်ချက်ရန်မလိုအပ်ပါ။

ဝန်ထမ်းများအား လစာအပြင်ထုတ်ပေးသော အချိန်ပိုလုပ်အားခကြေး၊ အိမ်ငှားခပေးခြင်း၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဖုန်းဘီလ်ဖြည့်ပေးခြင်းများကို ဝန်ထမ်း၏လစာ ဝင်ငွေခွန် တွက်ချက်ရာတွင် ထည့်သွင်းတွက်ချက်ရခြင်း ရှိ/မရှိ သိရှိလိုပါသည်။

ဝန်ထမ်းများ၏ လစာဝင်ငွေခွန်တွက်ချက်ရာတွင် အချိန်ပိုလုပ်အားခနှင့် အိမ်ငှားခများကို  ထည့်သွင်းတွက်ချက်ရပါမည်။ ဖုန်းဘီလ်ဖြည့်ပေးခြင်းသည် ရုံးလုပ်ငန်းများဆောင်ရွက်ရန် ကုန်ကျသည့် အသုံးစရိတ်ဖြစ်သဖြင့် လစာဝင်ငွေခွန် တွက်ချက်ရာတွင် ထည့်သွင်း တွက်ချက်ရန် မလိုအပ်ပါ။     

မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းဗဟိုကော်မတီနှင့် မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းတို့သည် ငွေကြေးသုံး စွဲရာတွင် တချို့ကိစ္စများ၌ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ခွင့်ပြုငွေဖြင့်သုံးစွဲပြီး တချို့ ကိစ္စများ၌ လှူဒါန်းငွေဖြင့်သုံးစွဲပါသဖြင့် Withholding Tax နှုတ်ယူပေးသွင်းရန် လိုအပ် ခြင်း ရှိ/မရှိ သိရှိလိုပါသည်။         

မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းဗဟိုကော်မတီနှင့် မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းများသည် ဦးစီးလမ်း ညွှန်မှုနှင့် အကောင်အထည်ဖော်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၁၇ အရ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးဌာန၏အတွင်းဝန်များဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ထားခြင်းဖြစ်၍ နိုင်ငံတော်အဖွဲ့အစည်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အမိန့်ကြော်ငြာစာ အမှတ် ၄၇/၂၀၁၈ အတိုင်း လိုက်နာ၍ Withholding Tax နှုတ်ယူပေးသွင်းရန် လိုအပ် ပါသည်။

ဖားကန့်ဒေသ၊ လုံးခင်းမြို့နယ်မှ ဒေသစရိတ်ရရှိသော ဝန်ထမ်းများအနေဖြင့် လစာဝင် ငွေခွန်တွက်ချက်ရာတွင် ရရှိသောဒေသများစရိတ်များ တွက်ချက်ရခြင်း ရှိ/မရှိသိ ရှိလိုပါသည်။

ဒေသစရိတ်ခံစားခွင့်ပြုခြင်းသည် တာဝန်ထမ်းဆောင်ဆဲကာလအတွင်း လူမှုရေးအခက်အခဲ များအတွက် နိုင်ငံတော်က ကျခံပေးသည့်စရိတ်ဖြစ်သဖြင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၉(ခ) နှင့် အကျုံးဝင်ခြင်းမရှိ၍ လစာဝင်ငွေခွန် တွက်ချက်ရာတွင် ထည့်သွင်းတွက်ချက်ခြင်းပြုရန် မလိုအပ်ပါ။

ဘဏ်လုပ်ငန်းများအနေဖြင့် ပြည်ပနေနိုင်ငံခြားသား ကုမ္ပဏီများထံ အတိုးပေးငွေ လွှဲပြောင်း ရာတွင် Withholding Tax ၁၅% နှုတ်ယူပေးသွင်းရန်လိုအပ်ခြင်း ရှိ/မရှိ သိရှိလိုပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၄၇/ ၂၀၁၈ အရ  မြန်မာ နိုင်ငံအတွင်း၌ ပြည်ပနေနိုင်ငံခြားသား၏ ရုံးခွဲအဖြစ်မှတ်ပုံတင်ဖွဲ့စည်းထားခြင်း၊ အဆိုပါ ရုံးခွဲမှ ပြည်တွင်းဝင်ငွေနှင့်စပ်လျဉ်း၍ ပြည်တွင်း၌ စည်းကြပ်မှုခံယူနေခြင်းဟူသည့် အချက် (၂) ချက်နှင့်ညီညွတ်ပါက အတိုးပေးငွေအပေါ် Withholding Tax နှုတ်ယူပေးသွင်းခြင်း မပြုရသော်လည်း အဆိုပါအချက်များနှင့် မကိုက်ညီသည့် ပြည်ပနေနိုင်ငံခြားသားနှင့်ပတ် သက်၍ အတိုးပေးငွေအပေါ်တွင် ၁၅ % နုတ်ယူပေးသွင်းရမည်ဖြစ်ပါသည်။

Pages

MIC ခွင့်ပြုမိန့်ရရှိထားသော ကုမ္ပဏီတစ်ခုမှသိရှိလိုသည်မှာ ၄င်းတို့၏လုပ်ငန်းဆောင်ရွက်မှု များအပေါ် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းရေးဆွဲရာတွင် ဘဏ္ဍာရေးနှစ်ပြောင်းလဲခြင်း ရှိ/မရှိ သိရှိလိုခြင်း။

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁။ (ဂ) အရ နှစ်၊ ဝင်ငွေနှစ် သို့မဟုတ် ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေရရှိသော နှစ် ဆိုင်ရာ ပြဌာန်းချက်များနှင့် စပ်လျဉ်း၍ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးနှစ်နှင့်အညီဖြစ်သည်။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများမှအပ ကျန်အခွန်ထမ်းအားလုံးအတွက် ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက် နေ့အထိကာလအတိုင်း ဆက်လက်ထားရှိရမည်။

 

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုကထိုင်းနှင့် ဖက်စပ်လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုမှ ဆေးရုံဆောက် လုပ်၍ ဆေးရုံသုံးပစ္စည်းများကို ထိုင်းနိုင်ငံမှ ဝယ်ယူတင်သွင်း လာခြင်းအပေါ် ထိုင်းနိုင်ငံတွင် အခွန်ပေးဆောင်ခဲ့ရသဖြင့် ထိုင်း-မြန်မာ အခွန်နှစ်ထပ်မကျသင့်စေရေး အတွက် DTA စာချုပ်ပါ အခွန်ရာခိုင်နှုန်းများ ခံစားလိုပါသဖြင့် မည်သို့လျှောက်ထားရမည်ကို သိရှိလိုသဖြင့် မေးမြန်း ခြင်း။

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုကထိုင်းနှင့် ဖက်စပ်လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုမှ ဆေးရုံ ဆောက်လုပ်၍ ဆေးရုံသုံးပစ္စည်းများကို ထိုင်းနိုင်ငံမှ ဝယ်ယူတင်သွင်းလာခြင်းအပေါ် ထိုင်းနိုင်ငံ တွင် အခွန်ပေးဆောင်ခဲ့ရသဖြင့် ထိုင်း - မြန်မာ အခွန်နှစ်ထပ်မကျသင့်စေရေး အတွက် DTA စာချုပ်ပါ အခွန်ရာခိုင်နှုန်းများခံစားလိုလျှင်အောက်ပါ အချက်များကို တင်ပြရမည်ဖြစ်ပါသည်။

(က)  လျှောက်ထားလိုသူ ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းနှင့် ပတ်သက်သော ရှင်းလင်းဖော်ပြချက်နှင့် လျှောက်ထားလိုသူက မည်သည့် DTA  ၏ Article အရ DTA  အခွင့်အရေးခံစားလို ပါကြောင်း ကိုယ်တိုင်ရေးလျှောက်လွှာ

(ခ)   ကိုယ်စားလှယ်ဖြစ်ပါက လျှောက်ထားခွင့်ရှိသူ၏ တရားဝင်ကိုယ်စား လှယ်လွှဲစာ

(ဂ)   ချုပ်ဆိုထားသည့်စာချုပ်

(ဃ)  လျှောက်ထားလိုသည့် ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီသည် မည်သည့် နိုင်ငံ၏အခွန်ထမ်း ဖြစ်ကြောင်း သက်ဆိုင်ရာနိုင်ငံ အခွန်ဌာန၏ ထောက်ခံချက်

(င)   ကုမ္ပဏီ၏ မှတ်ပုံတင်မိတ္တူ

အခွန်ထမ်းသည် အထက်ပါ အထောက်အထားများနှင့်အတူ သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှူးရုံးသို့ တင်ပြ လျှောက်ထားရမည်ဖြစ်ပါသည်။

ကုမ္ပဏီတစ်ခုသည် မိခင်ကုမ္ပဏီကြီးသို့ ကုမ္ပဏီပိုင် ပြောင်းရွှေ့နိုင်သောပစ္စည်းနှင့် မရွှေ့ မပြောင်းနိုင်သော ပစ္စည်းများလွှဲပြောင်း၊ ရောင်းချမည်ဖြစ်ရာ ထိုပစ္စည်းလွှဲစာချုပ်အပေါ် တွင် တံဆိပ်ခေါင်းခွန်မည်မျှထိုက်သင့်မည်ကို သိရှိလို၍ မေးမြန်းခြင်းဖြစ်ပါသည်။

ကုမ္ပဏီတစ်ခုသည် မိခင်ကုမ္ပဏီကြီးသို့ ကုမ္ပဏီပိုင်  မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်း၊ ရောင်းချခြင်းသည် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက်တွဲဇယား (၁) အမှတ်စဉ် (၂၃) ပါပစ္စည်းလွှဲပြောင်းခြင်း စာချုပ်စာတမ်းတွင် အကျုံးဝင်ပါသဖြင့် ထိုငွေပမာဏ (သို့မဟုတ်) တန်ဖိုးအပေါ်တွင် ၂% နှင့် အပိုတံဆိပ်ခေါင်းခွန် ၂% စုစုပေါင်း ၄ % ထမ်းဆောင်ရမည်ဖြစ်ပါသည်။ ကုမ္ပဏီပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို စာချုပ်ချုပ်ဆို ၍လွှဲပြောင်းရောင်းချလျှင် ယင်းစာချုပ်မှာ မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေနောက် ဆက်တွဲဇယား (၁) အမှတ်စဉ် (၆၂) အရ ပစ္စည်းလွှဲစာချုပ်ဖြစ်ပါသဖြင့် တန်ဖိုးအပေါ်တွင် တံဆိပ်ခေါင်းခွန် ၂% ထမ်းဆောင်ရမည်ဖြစ်ပါသည်။ ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း လွှဲပြောင်း ရောင်းချသည့် ပစ္စည်းလွှဲစာချုပ်တွင် အပိုတံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန် တာဝန်မရှိပါ။ မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေပုဒ်မ ၂၉ အရ ပစ္စည်းလွှဲစာချုပ်စာတမ်း နှင့်ပတ်သက် ၍ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရန်တာဝန်ရှိသူမှာ ဝယ်ယူသူဖြစ်ပါသည်။

 

 

 

ပြည်တွင်းရှိကုမ္ပဏီတစ်ခုသည် မြေပိုင်ရှင်လုပ်ငန်းရှင်ထံမှ စက်ရုံမြေနေရာအား ပထမနှစ် (၅၀)၊ ထပ်မံ၍ (၁၀)နှစ် (၂) ကြိမ်သက်တမ်းတိုးငှားယူရန် မြေငှားစာချုပ်ချုပ်ဆိုရာတွင် တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်ကို သိရှိလိုခြင်းဖြစ်ပါသည်။

ပြည်တွင်းရှိကုမ္ပဏီတစ်ခုသည် မြေပိုင်ရှင်လုပ်ငန်းရှင်ထံမှ စက်ရုံမြေနေရာအား ပထမနှစ် (၅၀) ၊ ထပ်မံ၍ (၁၀) နှစ် (၂) ကြိမ်သက်တမ်းတိုးငှားယူရန် မြေငှားစာချုပ်ချုပ်ဆိုရာတွင် အဆိုပါ မြေငှားရမ်းခြင်းစာချုပ်အပေါ် တံဆိပ်ခေါင်းခွန်အက်ဥပဒေ နောက်ဆက်တွဲဇယား (၁)အမှတ်စဉ် ၃၅(က) (၃)အရ အငှားစာချုပ်မှာ (၃) နှစ်ထက်ကျော်လွန်သော ကာလအပိုင်း အခြားအတွက်ဖြစ်သည့် သဘောသက်ရောက်လျှင် သတ်မှတ်ထားသည့် နှစ်စဉ် ပျမ်းမျှရရန် ရှိသော ငှားရမ်းခသင့်ငွေ ပမာဏအပေါ် တံဆိပ်ခေါင်းခွန်မှာ ၂% ဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာနမှ ပုံနှိပ်ဖတ်စာအုပ်များတင်ဒါခေါ်၍ လုပ်ငန်းအပ်နှံရာတွင် ဇူလိုင်လ ဆန်းတွင် စာချုပ်ချုပ်ဆိုသည့်အပေါ် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန် ပျက်ကွက်ခဲ့ပြီး တစ်လခွဲခန့်ကြာမှ စာချုပ်ချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန်ထမ်းဆောင်သည့်အခါ ဒဏ်ကြေး ပေးဆောင်ရခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်းဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာနမှ ပုံနှိပ်ဖတ်စာအုပ်များတင်ဒါခေါ်၍ လုပ်ငန်းအပ်နှံရာတွင် ဇူလိုင်လ ဆန်းတွင် စာချုပ်ချုပ်ဆိုသည့်အပေါ် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန် ပျက်ကွက်ခဲ့ပြီး တစ်လခွဲခန့်ကြာမှ စာချုပ်ချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ ၃၃ အရသိမ်းချုပ်ရ မည်ဖြစ်ပြီး ပုဒ်မ  ၃၅ အရ  ကျသင့်တံဆိပ်ခေါင်းခွန်နှင့် ကျသင့်တံဆိပ်ခေါင်းခွန်၏ ၁၀ ဆ နှင့် ညီမျှသော တံဆိပ်ခေါင်းခွန်ကို ပေးဆောင်ရမည်ဖြစ်ပါသည်။ တံဆိပ်ခေါင်းအက်ဥပဒေအရ  စာချုပ်မချုပ်ဆိုမီနှင့် စာချုပ်ချုပ်ဆိုစဉ် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Pages

ပြည်တွင်းရှိကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက DTA စာချုပ်ဝင် ကိုးရီးယားနိုင်ငံသား များဖြစ်သဖြင့် DTA စာချုပ်ပါ အခွန်ရာခိုင်နှုန်းများ ခံစားလိုပါသဖြင့် မည်သို့လျှောက်ထား ရမည်ကို သိရှိလိုပါသဖြင့် မေးမြန်းခြင်းကိစ္စ။

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက DTA စာချုပ်ဝင် ကိုးရီးယားနိုင်ငံသား များဖြစ်သဖြင့် DTA စာချုပ်ပါ အခွန်ရာခိုင်နှုန်း များခံစားလိုပါက အောက်ပါအထောက် အထားများကို သက်ဆိုင်ရာအခွန် ဦးစီးဌာနမှူးရုံးသို့ တင်ပြလျှောက်ထားရမည် ဖြစ်ပါသည်။

(က)   လျှောက်ထားလိုသူပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီကဆောင်ရွက်ခဲ့သည့် လုပ်ငန်းနှင့် ပတ်သက်သော ရှင်းလင်းဖော်ပြချက်နှင့် လျှောက်ထားလိုသူက မည်သည့် DTA  ၏ Article အရ DTA  အခွင့် အရေးခံစားလိုပါကြောင်း ကိုယ်တိုင်ရေးလျှောက်လွှာ

(ခ)     ကိုယ်စားလှယ်ဖြစ်ပါက လျှောက်ထားခွင့်ရှိသူ၏ တရားဝင်ကိုယ်စား လှယ်လွှဲစာ

(ဂ)     ချုပ်ဆိုထားသည့်စာချုပ်

(ဃ)   လျှောက်ထားလိုသည့်ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီသည် မည်သည့်နိုင်ငံ၏ အခွန်ထမ်း ဖြစ်ကြောင်း သက်ဆိုင်ရာနိုင်ငံ အခွန်ဌာန၏ထောက်ခံချက်

(င)     ကုမ္ပဏီ၏ မှတ်ပုံတင်မိတ္တူ

ပြည်တွင်းရှိအကြံပေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုက နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများနှင့် ကျန်စီးပွားရေးလုပ်ငန်းများအတွက် ၁ - ၄ - ၂၀၁၈ မှစတင် ပြောင်းလဲမည့် ဘဏ္ဍာရေးနှစ် ပြဋ္ဌာန်းချက်များကို သိရှိလို၍ မေးမြန်းခြင်း။        

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁(ဂ) အရ အထူးကုန်စည်ခွန် ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေနှင့် ဝင်ငွေခွန်ဥပဒေတို့တွင် မည်သို့ပင်ပါရှိစေကာမူ နှစ်၊ ဝင်ငွေနှစ် (သို့မဟုတ်) ရောင်းရငွေ (သို့မဟုတ်) ဝန်ဆောင်မှုရငွေရရှိသော နှစ်ဆိုင်ရာ ပြဋ္ဌာန်း ချက်များနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း သတ်မှတ်ရမည်။

(၁) နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးနှစ်နှင့်အညီဖြစ်သည်။

(၂) နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှအပ ကျန်အခွန်ထမ်းအားလုံးအတွက် ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ကာလအတိုင်း ဆက်လက်ထားရှိရမည် ဖြစ်ပါ သည်။

တနင်္သာရီတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးရုံးမှ ယာဉ်တင်သွင်းမှုတစ်ခုအတွက် အခွန်နှစ်ထပ် ပေးဆောင်မှုဖြစ်နေပါသဖြင့် ထပ်မံပေးသွင်းရမည့်အခွန်ငွေများအား ကင်းလွတ်ခွင့်ပြုနိုင်ခြင်း ရှိ/ မ ရှိ မေးမြန်းလာခြင်း။

တင်သွင်းသူသည် ( General Administration Department - GAD) ဖြစ်၍ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်မည်ဖြစ်သော်လည်း ဝင်ငွေခွန်ပေးဆောင်ရမည် မဟုတ် ပါ။ တင်ဒါတင်သွင်း သူအမည်ဖြင့် ကျသင့်သည့်ကုန်သွယ်လုပ်ငန်းခွန်မှ GAD အမည်ဖြင့် ပေးသွင်းသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ခုနှိမ်ခွင့်မရပါ။

Myanmar Japan Thilawa Development Ltd သည် သီလဝါအထူးစီပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီထံမှ မြေဟက်တာ ၄၀၀ ခန့်ကိုငှားရမ်းရယူခဲ့ပြီး ၎င်းတို့ အနက်မှ တချို့ကို လုပ်ငန်းမြှင့်တင်ရေးဇုန် ရင်းနှီးမြှပ်နှံသူများသို့လည်းကောင်း၊ တချို့ကို ကင်းလွတ်ဇုန်ရင်းနှီးမြှပ်နှံသူများသို့လည်းကောင်း ထပ်ဆင့်အငှားချထား ခြင်းနှင့်စပ်လျဉ်း၍ ကင်းလွတ်ခွင့်ဇုန်အတွင်း ရင်းနှီးမြှုပ်နှံသူများအပေါ် အခွန် ကင်းလွတ်ခွင့် ရှိ/ မရှိ မေးမြန်းခြင်း။

ကင်းလွတ်ခွင့်ဇုန်ရှိမြေငှားရမ်းခများအပေါ် အခွန်ကျသင့်မှုနှင့် ပတ်သက်၍ မြန်မာ အထူးစီးပွားရေးဇုန်ဥပဒေ၏ ပုဒ်မ ၃၊ ပုဒ်မခွဲ (စျ) တွင်ဖော်ပြထားသည့် "နိုင်ငံ တော်၏ပြင်ပတွင်ရှိသည်ဟု မှတ်ယူရမည့်နယ်မြေ" ဟုဆိုရာတွင် ကင်းလွတ်ဇုန် အတွင်းရှိကုန်စည်များ၊ ကင်းလွတ်ဇုန်အတွင်းသို့ တင်သွင်းမည့်ကုန်စည်များနှင့် ပတ်သက်၍ အခွန်အခများ ကင်းလွတ်စေရန်အလို့ငှာ ဖော်ပြထားခြင်းဖြစ်ပြီး မြေငှားရမ်းခများနှင့်သက်ဆိုင်ခြင်း မရှိပါကြောင်းနှင့် ကင်းလွတ်ဇုန်အတွင်း မြေ ငှားရမ်းခများအပေါ် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ ပုဒ်မ ၄၉ အရ ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားခြင်းမရှိပါက တည်ဆဲ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊ ၂၀၁၆ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ တို့အရ အခွန်စည်းကြပ် ကောက်ခံရပါမည်။

မြန်မာ့သြဘာလုပ်ငန်းစုကုမ္ပဏီလီမီတက်မှ ၎င်း၏အရောင်းကိုယ်စားလှယ်များ အား ကားကံစမ်းမဲပေါက်သည့် ကိုယ်စားလှယ်အမည်ဖြင့် ကုမ္ပဏီကစရိတ်များ ကျခံ၍ ကားဝယ်ပေးမည်ဖြစ်ရာ အဆိုပါကံစမ်းမဲပေါက်သည့်ကိုယ်စားလှယ်၏ အမည်ပေါက်ဆောင်ရွက်မှုအပေါ် အခွန်ပေးဆောင်ရန် လိုအပ်ခြင်း ရှိ/ မရှိ မေး မြန်းခြင်း။

ကုမ္ပဏီမှစရိတ်ကျခံ၍ ကံစမ်းမဲပေါက်သည့် ကိုယ်စားလှယ်၏အမည်ဖြင့် ကားဝယ် ပေးပြီး အမည်ပေါက်ဆောင်ရွက်ခြင်းသည် အခြေပစ္စည်းလွှဲပြောင်းပေးခြင်းဖြစ်ပြီး ဝင်ငွေခွန်ဥပဒေအရ ကင်းလွတ်ခွင့်ပြုထားခြင်း မရှိပါသဖြင့် ဝင်ငွေခွန်ကျသင့်မည် ဖြစ်ပါသည်။

Pages