Quick Tab FAQ

ကျောက်မျက်ရတနာပြပွဲ၌ ကျောက်မျက်ရတနာရောင်းချပြီး ကြိုတင်စရံငွေပေးသွင်းခဲ့သော်လည်း အရောင်းအဝယ်ကိစ္စ ပျက်ပြယ်ခဲ့လျှင် ၎င်းကြိုတင်ငွေပေးချေပြီးမှုအပေါ် အထူးကုန်စည်ခွန် ကျသင့်မည်လား၊ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်လား။

ကျောက်မျက်ရတနာပြပွဲ၌ ကျောက်မျက်ရတနာရောင်းချပြီး ကြိုတင်စရံငွေရခဲ့သော်လည်း အရောင်းအဝယ် ပျက်ပြယ်သဖြင့် စရံငွေကိုရောင်းချသူမှရရှိသည့်ကိစ္စတွင် အထူးကုန်စည်ခွန် ရောင်းချရခြင်းမှ ရရှိသောဝင်ငွေမဟုတ်ဘဲ၊ ဝန်ဆောင်ခအနေဖြင့် ရရှိခဲ့ခြင်းကြောင့် အထူးကုန်စည်ခွန် ကျသင့်မည်မဟုတ်ဘဲ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ ကင်းလွတ်ခွင့်ရှိသည့် ဝန်ဆောင်မှုတွင်မပါဝင်၍ ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည် ဖြစ်ပါသည်။

အထူးကုန်စည်များကို ရောင်းချသည့်လကုန်ဆုံးပြီး (၁၀) ရက်အတွင်းကျသင့်အခွန် ပေးဆောင်ရမည်ဟုပြဋ္ဌာန်းထားရာ ကျောက်မျက်ရတနာများအနေဖြင့် မည်သည့်နေ့ကို ရောင်းချသည့်နေ့ဟုသတ်မှတ်သင့် ကြောင်း၊ ကြိုတင်စရံငွေပေးသွင်းသည့်နေ့ကို ဆိုလိုပါသလား (သို့) ငွေပေးချေပြီးနေ့ ကိုဆိုလိုပါသလားသိလိုခြင်း။

ကျောက်မျက်ရတနာရောင်းချရာတွင် ကျောက်မျက်ရတနာပြပွဲတွင်ရောင်းချပြီးနောက် ကျောက်မျက်ရတနာတန်ဖိုးငွေအပြည့် ပေးချေသည့်နေ့ကို ရောင်းချသည့်နေ့ဟု မှတ်ယူရမည်ဖြစ်ပါသည်။

လုပ်ငန်းဥပစာနေရာအတွင်းမှ အရက်၊ စီးကရက်၊ ဝိုင် တို့အား မည်သို့ဆောင်ရွက်ပြီးမှသာ အခြားတစ်နေရာသို့ ရွှေ့ပြောင်းခွင့်ရှိမည်နည်း။

ထုတ်လုပ်သည့် လုပ်ငန်းဥပစာနေရာအတွင်းမှ အရက်၊ စီးကရက်၊ ဝိုင်တို့အား အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပြီးမှသာ အခြားတစ်နေရာသို့ ရွှေ့ပြောင်းခွင့်ရှိနိုင်မည်ဖြစ်သည်။

လုပ်ငန်းဥပစာနေရာအား အတည်ပြုသတ်မှတ်ပေးရန် လိုအပ်ပါမည်လား။

လုပ်ငန်းဥပစာနေရာအား ပြည်တွင်းအခွန်များဦးစီးဌာနသို့ တင်ပြ၍ဌာနက အတည်ပြုသတ်မှတ်ပေးမည်ဖြစ်ပါသည်။

အထူးကုန်စည်ခွန် ဥပဒေပုဒ်မ ၃ ပုဒ်မခွဲ (ဂ)အရ နောက်ဆက်တွဲဇယားတွင် ဖော်ပြထားသည့် ကျောက် မျက်ရတနာအချောထည်များနှင့် လက်ဝတ်ရတနာများဆိုသည့် စကားရပ်တွင်ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သည့် ပယင်းပါဝင်ခြင်း ရှိ/ မရှိနှင့် လက်ဝတ်ရတနာဆိုသည်မှာ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်တို့ဖြင့် သီးခြားပြုလုပ်ထားသည့် လက်ဝတ်ရတနာကို ခေါ်ဆိုပါသလား။ သို့မဟုတ် အဆိုပါ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်တို့ကို ရွှေဖြင့်ပေါင်းစပ်ပြုလုပ်ထားသည့် အစုအဝေးကိုခေါ်ဆိုပါသလား။ ရွှေ၊ ပလက်တီနံ၊ ကြေး၊ ငွေတို့ဖြင့် ပေါင်းစပ်ပြုလုပ်ထားပါက မည်သည့်အလေးချိန်၊ တန်ဖိုးမည်မျှအထိကို အထူးကုန်စည်ဟု သတ်မှတ်ချက်ရှိပါသလား။

မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂(က) အရ ကျောက်မျက်ရတနာဆိုသည်မှာ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ စိန်၊ ပန်းညံ့၊ ပြောင်ခေါင်းစိမ်း၊ သုံးပန်လှမျိုးကျောက်၊ ဖရဲအူ၊ ရွှေတွင်းဝါ၊ မြမျိုးကျောက်၊ ဂေါ်မိတ်၊ ထပ်တစ်ရာ၊ သလင်းတူကျောက်၊ ဥဒေါင်၊ မျော၊ အညံ့ နီလာ၊ နဂါးသွဲ့၊ ကြံဆစ်ရေကျောက်၊ ပါလဒုတ္တာ၊ မြတူကျောက်၊ ပယင်း၊ ပုလဲပြာ၊ နက်ဖရိုက်၊ မှော်စစ်စစ်၊ ထုံကုံး၊ ပလွမ်၊ ထပ်ကျောက်၊ ထပ်ကွာစိမ်း၊ မိုးညှင်းနီလာ၊ ရေဂေါ်မိတ်၊ သန္တာ၊ ပိန်းနိုက်၊ သူရောင်၊ ဆာပင်တင်း၊ ငုပဆစ်၊ ဆိုဒါလိုက် သို့မဟုတ် အမ်ဖီဗိုးအုပ်စုဝင် ကျောက်များကိုဆိုသည်။ ယင်းစကားရပ်တွင် ရတနာတန်းဝင် ရောင်စုံကျောက်များ၊ သလင်း အုပ်စု၌ပါဝင်သော ရတနာတန်းဝင်ကျောက်များနှင့် သတ္တုတွင်းဝန်ကြီးဌာနက ပြည်ထောင်စု အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် အခါအားလျော်စွာ အမိန့်ကြော်ငြာစာထုတ်ပြန်၍ ကျောက်မျက် ရတနာဟုသတ်မှတ်သည့် ပစ္စည်းများလည်း ပါဝင်သည်။ အဆိုပါ ဥပဒေပုဒ်မ ၂(င) အရ လက်ဝတ်ရတနာဆိုသည်မှာ ကျောက်မျက်ရတနာအချောထည်ပါရှိသည့် လက်ဝတ်ရတနာကိုဆို သည်။ ကျောက်မျက်အထူးကုန်စည်ကို အလေးချိန်နှင့်သတ်မှတ်ခြင်းမရှိပါ။

Pages

Inspection & Logistics (QC) လုပ်ငန်းကို လုပ်ကိုင်သော Nisshin (Myanmar) Co., Ltd သည် မြန်မာနိုင်ငံတွင် CMP စနစ်ဖြင့် လုပ်ကိုင်နေသော အထည်ချုပ်စက်ရုံ များမှ ချုပ်လုပ်ပြီးသော အထည်များအား Third Party အနေဖြင့် အထည်များကို စစ်ဆေးပေးရာ အထည်အပ်သော ကုမ္ပဏီများထံမှ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံ နိုင်ရန်အတွက် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရှိ/ မရှိ မေးမြန်းခြင်း။

CMP စနစ်ဖြင့် လုပ်ကိုင်သော လုပ်ငန်းသာ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ခြင်းဖြစ် ပါသည်၊ Inspection & Logistics (QC) စစ်ဆေးသော လုပ်ငန်းသည် ကုန်သွယ် လုပ်ငန်းခွန် မကျသင့်သော ဝန်ဆောင်မှုတွင် မပါဝင်ပါသဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ် ပါသည်။

သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက သီလဝါအထူးစီးပွားရေးဇုန် အတွင်းရှိ ရင်းနှီးမြှုပ်နှံသူများအား ၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေပုဒ်မ ၄၉ အရ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ပြု / မပြု မေးမြန်းခြင်း။

သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက်သာ ရင်းနှီးမြှုပ်နှံသူအပေါ် ၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ၊ မြန်မာအထူးစီးပွားရေးဇုန်နည်းဥပဒေပါ ကင်းလွတ်ခွင့်ပြဋ္ဌာန်းချက်များနှင့် အညီ ကင်းလွတ်ခွင့်ပြုခြင်းဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၂၀၁၄ ခုနှစ် မြန်မာ့အထူး စီးပွားရေးဇုန်ဥပဒေပုဒ်မ ၄၉ အရ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် သည် သီလဝါအထူးစီးပွားရေးဇုန်အတွင်း၌သာ ရရှိမည်ဖြစ်ပြီး ဇုန်ပြင်ပတွင် လုပ်ငန်း ဆောင်ရွက်ခြင်းများအတွက် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်မည်ဖြစ်ပါသည်။

စာရင်းစစ်ချုပ်ရုံးအနေဖြင့် PFM အစီအစဉ်ဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း MDC ဝယ်ယူခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ၅% ကို World Bank မှ တိုက်ရိုက် ငွေပေးသွင်းမည် ဖြစ်သဖြင့် မည်ကဲ့ သို့ပေးသွင်းရမည်ကို သိရှိလိုခြင်း။

World Bank မှ ပြည်တွင်းအခွန်များဦးစီးဌာနသို့ အခွန်ငွေ တိုက်ရိုက်လွှဲပြောင်း ပေးသွင်းမည်ဆိုပါက မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) သို့ TT (Telegraph Transferred) ဖြင့် လွှဲပြောင်းပေးသွင်းရမည်ဖြစ်ပြီး MFTB မှ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ P.O ဖြင့် ပြန်လည်လွှဲပြောင်း ပေးမည်ဖြစ်ပါသည်။

တရုတ်နိုင်ငံသားနှစ်ဦးပါဝင်သော အိမ်တွင်းအလှဆင်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်မည့် ကုမ္ပဏီတစ်ခုအနေဖြင့် မည်သည့်အခွန်များ ပေးဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း။

အိမ်တွင်းအလှဆင်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄(ဃ)ပါ ကုန်သွယ်လုပ်ငန်းခွန် မကျသင့် သည့်ဝန်ဆောင်မှု (၂၉) မျိုးတွင် မပါဝင်ပါသဖြင့် ပုဒ်မခွဲ ( င ) အရ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါသည်။ ၎င်းအိမ်တွင်းအလှဆင်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်းဝန်ဆောင်မှုလုပ် ငန်းသည် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်သဖြင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၁ ( က ) အရ ပုံစံပတခ(ကသခ)-၁ဖြင့် မှတ်ပုံတင်ရမည်ဖြစ်ပြီး ပုဒ်မ ၁၁(ခ) အရ ပုံစံ ပတခ (ကသခ)-၃ ဖြင့် လုပ်ငန်းစတင်လုပ်ကိုင် ကြောင်းအကြောင်းကြားစာတို့ကို သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှူးထံတင်ပြ၍ လုပ်ငန်းရှင်အားမှတ်ပုံတင် ခွင့်ပြုကြောင်းထုတ်ပေးသည့် ပုံစံ ပတခ (ကသခ) - ၂ ကို လျှောက်ထားရယူရမည်ဖြစ်ပါသည်။ ၎င်းအိမ်တွင်း အလှဆင် ဝန်ဆောင်မှုလုပ်ငန်းမှ ၀င်ငွေရရှိပါက ယင်းငွေအပေါ်ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်ကို ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၂ ( က ) အရ သက်ဆိုင်ရာ လကုန်ဆုံးပြီး တစ်ဆယ်ရက် အတွင်း ပေးဆောင်ရမည်ဖြစ်ပါသည်။ ထို့ပြင် သုံးလတစ်ကြိမ် ကြေညာလွှာကို သက်ဆိုင်ရာ သုံးလ ပတ်ကုန်ဆုံးပြီးနောက်တစ်လအတွင်း သက်ဆိုင်ရာအခွန်ဦးစီးဌာနမှူးရုံးသို့ ပေးပို့ရ မည်ဖြစ်ပါသည်။

ဌာနပိုင် မြေငှားရမ်းခအပေါ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည့် ရာခိုင်နှုန်းနှင့် မည်သည့်ကာလမှ စတင်ကောက်ခံပေးသွင်းရမည်ဖြစ်ကြောင်းသိရှိလိုခြင်း၊ ထိုသို့ပေးဆောင် ရမည်ဖြစ်ကြောင်း ဌာနဆိုင်ရာများသို့ အကြောင်းကြားထားမှု ရှိ/မရှိ သိရှိလိုခြင်း။

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ (ခ)အရ မြေငှားရမ်းပေးသည့် ဌာနအနေဖြင့် မြေငှားရမ်းသူထံမှ ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ပါတည်း ကောက်ခံပြီး ပေးသွင်းရပါ မည်။   ဝန်ဆောင်မှုလုပ်ငန်းများအတွက် ကုန်သွယ်လုပ်ငန်းခွန် အခွန်နှုန်းထားများကို ၂၀၁၄ ခုနှစ်မှစ၍ နှစ်စဉ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် ပြဌာန်းသတ်မှတ် ပေးလျက်ရှိပြီး အခွန်နှုန်းထားမှာ ၅% ဖြစ်ပါ သည်။ ဌာနပိုင် မြေ/ အဆောက်အဦ ငှားရမ်းခများအပေါ် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ပါတည်းကောက်ခံပြီး သက် ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့  ပေးသွင်းရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၏ ၁၅-၅-၂၀၁၅ ရက်နေ့ ရက်စွဲပါ စာအမှတ် ၁၂၆၃/ ၃၃၅  လုပ်ငန်းခွန် ၁-၁၈/ အဖရ (၂၀၁၅) ဖြင့် အစိုးရဌာနများအသီးသီးသို့ အကြောင်းကြားထားပါသည်။

Pages

ပြည်တွင်းရှိဘဏ်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သည့် ဂျပန်ရုံးခွဲကုမ္ပဏီတစ်ခုထံမှ ပြည်တွင်းကုမ္ပဏီတစ်ခုက ချေးယူငွေအပေါ် အတိုးငွေပေးအပ်ရာ၌ ပင်ရင်းမှနုတ် ယူပေးသွင်းခွန် WHT ၃.၅ % နုတ်ယူပေးသွင်းရခြင်းရှိ/ မရှိမေးမြန်းခြင်း။

ပြည်တွင်းရှိဘဏ်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သည့် ဂျပန်ရုံးခွဲကုမ္ပဏီတစ်ခုထံမှ ပြည်တွင်းကုမ္ပဏီတစ်ခုက ငွေချေးယူရာ ချေးယူငွေအပေါ် အတိုးငွေပေးအပ်ရာ တွင် နိုင်ငံခြားကုမ္ပဏီဖြစ်သော ပြည်ပနေနိုင်ငံခြားသားအား ပေးဆပ်ရသည့် အတိုး ပေးငွေအပေါ် ပင်ရင်းမှနုတ်ယူပေးသွင်းခွန် WHT ၁၅ % နုတ်ယူပေးသွင်းရ မည်ဖြစ်သည်။

ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (က) ၊ ပုဒ်မခွဲငယ် (၃) တွင် ပင်စင်၊ ပင်စင်မှ ပြောင်းလဲ၍ရရှိသောငွေနှင့် လုပ်သက်ဆုငွေတို့အပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိ ၍ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၃၃ ပုဒ်မခွဲငယ် (င) တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားယူသည့်အခါ ရရှိသည့် ပင်စင်နှင့်ကရုဏာကြေး တို့အပေါ် ဝင်ငွေခွန်ကင်းလွတ် ခွင့်ပြုထားပါသဖြင့် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အခြားဝန်ထမ်းများရရှိသည့် ပင်စင် နှင့် လုပ်သက်ဆုငွေ ကရုဏာကြေးတို့အပေါ် ဝင်ငွေခွန် ကင်းလွတ်ခွင့်ရှိ/မရှိ မေးမြန်းခြင်း။

ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့်ဥပဒေအရ ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (က) ၊ ပုဒ်မခွဲငယ်(၃)တွင် ပင်စင်၊ ပင်စင်မှပြောင်းလဲ၍ရရှိသောငွေနှင့် လုပ်သက်ဆုငွေတို့ အပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိကြောင်း အစားထိုးပြဋ္ဌာန်းခဲ့သဖြင့် နိုင်ငံ့ဝန် ထမ်းမဟုတ်သည့် အခြားဝန်ထမ်းများရရှိသည့်ပင်စင်၊ ပင်စင်မှပြောင်းလဲ၍ရရှိ သောငွေနှင့် လုပ်သက်ဆုငွေတို့အပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရှိပါသည်။

တရုတ်နိုင်ငံ၌ ရုံးချုပ် (Head Office) တည်ရှိပြီး ပြည်တွင်း၌ တရုတ်ရုံးခွဲကုမ္ပဏီ လာရောက်ဖွင့်လှစ်လုပ်ကိုင်ကြသည့် ကုမ္ပဏီအနေဖြင့် ပြည်တွင်းတရုတ်နိုင်ငံခြား ကုမ္ပဏီ၏ လိုအပ်သောငွေကြေးကို Head Office တရုတ်နိုင်ငံမှချေးယူရာတွင် ၎င်းတို့အချင်းချင်း အတိုးနှုန်းအနည်းငယ်သာရယူ၍ ချေးငှားယူကြရာ ပြည်တွင်း၌ ဖွင့်လှစ်ဆောင်ရွက်သည့် ရုံးခွဲတရုတ်ကုမ္ပဏီမှာ ရုံးချူပ်ကုမ္ပဏီပင် ဖြစ်ပါသဖြင့် တရုတ်နိုင်ငံသို့ အတိုးနှုန်းပေးငွေအပေါ် ပင်ရင်းမှနုတ်ယူပေးသွင်းခွန် WHT ၁၅% နုတ်ယူရခြင်း ရှိ/ မရှိ သိရှိလို၍ မေးမြန်းခြင်း။

တရုတ်နိုင်ငံ၌ ရုံးချုပ်တည်ရှိပြီး ပြည်တွင်း၌ တရုတ်ရုံးခွဲကုမ္ပဏီ လာရောက် ဖွင့်လှစ်လုပ်ကိုင်ကြသည့် ကုမ္ပဏီအနေဖြင့် ပြည်တွင်းတရုတ်နိုင်ငံခြားကုမ္ပဏီ၏ လိုအပ်သောငွေကြေးကို Head Office တရုတ်နိုင်ငံမှချေးယူရာတွင် ရုံးခွဲနှင့် ရုံးချုပ်သည် တစ်ရုံးတည်းဖြစ်ပါကအတိုးပေးရန်မလိုအပ်ပါ။ ၎င်းတို့အချင်းချင်း အတိုးဖြင့်ငွေချေးယူမည်ဆိုပါက အဆိုပါအတိုးပေးငွေအပေါ် အမိန့်ကြော်ငြာစာ အမှတ် ၄၁/ ၂၀၁၀ အရ ပင်ရင်းမှနုတ်ယူပေးသွင်းခွန် ဖြတ်ယူရမည် ဖြစ်ပြီး ပြည် တွင်းရုံးခွဲ၏ ပြည်တွင်းဝင်ငွေအပေါ် ဝင်ငွေခွန်နည်းဥပဒေ ၁၀ ပါအတိုင်း စည်းကြပ်မှု ခံယူရန်လိုအပ်မည် ဖြစ်ပါသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သည် (Agency Francaise de' Development, AFD) မှ Grant အကူအညီဖြင့် ဆောင်ရွက်မည့် အမရပူရမြို့နယ် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အတိုင် ပင်ခံကုမ္ပဏီဖြင့် စာချုပ်ချုပ်ဆိုရာတွင် ဝင်ငွေခွန်ကင်းလွတ်ခွင့် ရှိ/ မရှိ မေးမြန်း လာခြင်း။

Grant အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အတိုင်ပင်ခံ ကုမ္ပဏီဖြင့် စာချုပ်ချုပ်ဆိုရာတွင် ဝင်ငွေခွန်ကင်းလွတ်ခွင့်မရှိပါ၊ WHT ကို ၄၁/ ၂၀၁၀ ပါအတိုင်း ဖြတ်တောက်ပေးသွင်းရမည်ဖြစ်ပါသည်။ Grant အထောက် အပံ့ရငွေဖြင့်ရယူသည့် ဝန်ဆောင်မှုသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်မည်ဖြစ်ပါသည်။ အတိုင်ပင်ခံ ကုမ္ပဏီသည် ပြည်တွင်း၌ဖွဲ့စည်းသောကုမ္ပဏီ မဟုတ်ပါက Non Resident Foreigner ဖြစ်သည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ AFD ၏ကူညီထောက်ပံ့ငွေဖြင့် အမရပူရ ရေပေးဝေရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် ဝန်ဆောင်မှုပေးမည့် အတိုင်ပင်ခံအဖွဲ့အစည်းနှင့် စာချုပ်ချုပ်ဆိုရာတွင် အဖွဲ့အစည်းသို့ပေးဆောင်ရမည့် ဝန်ဆောင်ခအတွက် နိုင်ငံသားအလိုက် ဝင်ငွေခွန်ကင်းလွတ်ခွင့် ခွဲခြားသတ်မှတ် ထားခြင်း ရှိ/ မရှိမေးမြန်းခြင်း။

အဖွဲ့အစည်းသို့ပေးဆောင်ရမည့် ဝန်ဆောင်ခအတွက် နိုင်ငံသားအလိုက် ဝင်ငွေခွန် ကင်းလွတ် ခြင်းမရှိပါ။

Pages

အိမ်ငှားရမ်းခြင်းနှင့်စပ်လျဉ်း၍ အိမ်ရှင်နှင့်အိမ်ငှားတို့ ငှားရမ်းခြင်းစာချုပ်ချုပ် ဆိုကြပြီး ယင်းစာချုပ်အပေါ် ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်အား ငှားရမ်းမည့်သူ (အိမ်ငှား) က ထမ်းဆောင်ရန် ဖြစ်သော်လည်း ငှားရမ်းမည့်သူ (အိမ်ရှင်) က ထမ်းဆောင်ထားခြင်းမရှိသည့်ကိစ္စရပ်တွင် ငှားရမ်းသူ (အိမ်ရှင်) က အိမ်ငှားရမ်းခ ငွေအပေါ် ဝင်ငွေခွန်ပေးဆောင်ရန် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးမှူးရုံးသို့ လာ ရောက်တင်ပြသည့်အခါ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ထားခြင်းမရှိသော ငှားရမ်း စာချုပ်ဖြစ်သဖြင့် ကျသင့်မည့်ဒဏ်ငွေအား ငှားရမ်းသူ (အိမ်ရှင်) က ပေးဆောင် စေခြင်းသည် မှန်ကန်မှု ရှိ/ မရှိ မေးမြန်းခြင်း။

အိမ်ငှားရမ်းခြင်းနှင့်စပ်လျဉ်း၍ အိမ်ရှင်နှင့်အိမ်ငှားတို့ ငှားရမ်းခြင်းစာချုပ်ချုပ် ဆိုကြလျှင် အိမ်ငှားရမ်းသူ (အိမ်ငှား) က မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၁၇ အရ စာချုပ်မချုပ်ဆိုမှီဖြစ်စေ၊ စာချုပ်ချုပ်ဆိုသည့်အခါ၌ဖြစ်စေ ထိုက် သင့်သည့်တံဆိပ်ခေါင်းကို ထမ်းဆောင်ရမည်။ အိမ်ငှားရမ်းသူ (အိမ်ရှင်) က အိမ် ခန်းငှားရမ်းခငွေအပေါ် ဝင်ငွေခွန်ပေးဆောင်ရန် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီး မှူးရုံးသို့ လာရောက်တင်ပြသည့်အခါ ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန် ကျနစွာ ကပ်မထားသော စာချုပ်စာတမ်းဖြစ်ပါက မြို့နယ်အခွန်ဦးစီးမှူးက ပုဒ်မ ၃၃ အရ သိမ်းချုပ်ရမည်ဖြစ်ပြီး ပုဒ်မ ၃၅ အရ လျော့နည်းသည့် တံဆိပ်ခေါင်းခွန်နှင့် ယင်း ၏(၁၀) ဆနှင့်ညီမျှသောဒဏ်ငွေအား တင်ပြသူက ပေးဆောင်ရမည်ဖြစ်သည်။ လျော့နည်းတံဆိပ်ခေါင်းခွန်နှင့်ဒဏ်ငွေအား စာချုပ်တင်ပြသူ (အိမ်ရှင်) က ပေး ဆောင်စေခြင်းသည် ဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်ပြီး စာချုပ်မူရင်းမဟုတ်ဘဲ မိတ္တူဖြစ်လျှင် ယင်းသို့မဆောင်ရွက်နိုင်ပါ။

Consulting Co., Ltd တစ်ခုမှ ဘဏ်တွင်ကုမ္ပဏီ၏ အစုရှယ်ယာများအား အပေါင်အဖြစ်ထားရှိ၍ ငွေချေးယူသည့်အခါ ဘဏ်နှင့်ကုမ္ပဏီအကြား ချုပ်ဆိုသည့် စာချုပ်စာတမ်း၌ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည် ဖြစ်သည့်အတွက် အစု ရှယ်ယာအား ရွှေ့ပြောင်းနိုင်သောပစ္စည်း (သို့မဟုတ်) မရွှေ့ပြောင်းနိုင်သောပစ္စည်း အဖြစ်မည်သို့သတ်မှတ်ပါကြောင်း၊ ယင်းသို့သိရှိမှသာ တံဆိပ်ခေါင်းခွန်နှုန်းထား မည်မျှဖြင့်ထမ်းဆောင်ရန် သိနိုင်မည်ဖြစ်၍ မေးမြန်းခြင်း။

Consulting Co., Ltd တစ်ခုမှ ဘဏ်တွင်ကုမ္ပဏီ၏ အစုရှယ်ယာများအား အပေါင် အဖြစ်ထားရှိ၍ ငွေချေးယူသည့်အခါ ဘဏ်နှင့်ကုမ္ပဏီအကြား ချုပ်ဆိုသည့် စာချုပ် စာတမ်းတွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ဇယား (၁) အမှတ်စဉ် (၄၀) အရ အဆိုပါ အပေါင်စာချုပ်ဖြင့် အာမခံပေးသည့်ငွေနှင့်ညီမျှသော အဖိုးစားနားအတွက် တံဆိပ်ခေါင်းခွန်မှာ ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် ၂ % တံဆိပ်ခေါင်း ခွန်ကို ထမ်းဆောင်ရမည်ဖြစ်ပါသည်။

ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်း အရောင်းအဝယ်ပြုလုပ် ရာတွင် ကပ်ရမည့် တံဆိပ်ခေါင်းတန်ဖိုး % များတူမတူမေးမြန်းခြင်း။

ရွှေ့ပြောင်းနိုင်သောပစ္စည်းဖြစ်စေ၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းဖြစ်စေ အရောင်းအဝယ် ပြုလုပ်ရာ တွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ဇယား (၁) အမှတ်စဉ် (၂၃) အရ ပစ္စည်းလွှဲပြောင်းစာချုပ်ဖြစ်၍ ထမ်းဆောင်ရမည့်တံဆိပ်ခွန်နှုန်းမှာ တူညီပါသည်။ သို့ရာတွင် မရွှေ့ပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းသည့်စာချုပ်စာတမ်းများ ချုပ်ဆိုရာတွင် ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန် ၂ % အပြင် အပိုတံဆိပ်ခေါင်းခွန် ၂% အား အဆိုပါပစ္စည်း တည်ရှိရာနေရာရှိဈေး ကွက်ပေါက်ဈေးနှင့်အညီ ထမ်း ဆောင်စေရမည်ဖြစ်ပါသည်။

အများဆုံးသတ်မှတ်ထားသည့် တံဆိပ်ခေါင်းကပ်ရမည့် တံဆိပ်ခေါင်းတန်ဖိုး မေးမြန်းခြင်း။

အများဆုံးသတ်မှတ်ထားသည့် တံဆိပ်ခေါင်းကပ်ရမည့် တံဆိပ်ခေါင်းတန်ဖိုးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေဇယား (၁) တွင် စာချုပ်စာတမ်း အမျိုးအစား (၆၅) မျိုး ပြဌာန်းထားရာ စာချုပ်အမျိုးအစားများအလိုက် ကွဲပြားခြားမှု ရှိသဖြင့် စာချုပ်များအပေါ်တွင် ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းတန်ဖိုးများမှာလည်း ကွဲပြားခြားနားမည် ဖြစ်ပါသည်။

တံဆိပ်ခေါင်းမကပ်ရမည့် အရောင်းအဝယ်ပမာဏ ရှိ/ မရှိ မေးမြန်းခြင်း။

တံဆိပ်ခေါင်းမကပ်ရမည့် အရောင်းအဝယ်ပမာဏနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတံဆိပ် ခေါင်းအက် ဥပဒေ ပုဒ်မ ၉ အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် စာချုပ်စာတမ်းတစ်ရပ်ရပ်ကို တံဆိပ်ခေါင်းခွန်လျော့ပေါ့ သို့မဟုတ် ကင်းလွတ် ခွင့်ပြုသည့်ကိစ္စမှတစ်ပါးအခြား မည်သည့်အရောင်းအဝယ်စာချုပ်စာတမ်းကိုမဆို ဇယား (၁) အမှတ်စဉ် (၂၃) အရ တံဆိပ် ခေါင်းခွန်ထိုက်သင့်မည်ဖြစ်ပါသည်။

Pages

တနင်္သာရီတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးရုံးမှ ယာဉ်တင်သွင်းမှုတစ်ခုအတွက် အခွန်နှစ်ထပ် ပေးဆောင်မှုဖြစ်နေပါသဖြင့် ထပ်မံပေးသွင်းရမည့်အခွန်ငွေများအား ကင်းလွတ်ခွင့်ပြုနိုင်ခြင်း ရှိ/ မ ရှိ မေးမြန်းလာခြင်း။

တင်သွင်းသူသည် ( General Administration Department - GAD) ဖြစ်၍ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်မည်ဖြစ်သော်လည်း ဝင်ငွေခွန်ပေးဆောင်ရမည် မဟုတ် ပါ။ တင်ဒါတင်သွင်း သူအမည်ဖြင့် ကျသင့်သည့်ကုန်သွယ်လုပ်ငန်းခွန်မှ GAD အမည်ဖြင့် ပေးသွင်းသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ခုနှိမ်ခွင့်မရပါ။

Myanmar Japan Thilawa Development Ltd သည် သီလဝါအထူးစီပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီထံမှ မြေဟက်တာ ၄၀၀ ခန့်ကိုငှားရမ်းရယူခဲ့ပြီး ၎င်းတို့ အနက်မှ တချို့ကို လုပ်ငန်းမြှင့်တင်ရေးဇုန် ရင်းနှီးမြှပ်နှံသူများသို့လည်းကောင်း၊ တချို့ကို ကင်းလွတ်ဇုန်ရင်းနှီးမြှပ်နှံသူများသို့လည်းကောင်း ထပ်ဆင့်အငှားချထား ခြင်းနှင့်စပ်လျဉ်း၍ ကင်းလွတ်ခွင့်ဇုန်အတွင်း ရင်းနှီးမြှုပ်နှံသူများအပေါ် အခွန် ကင်းလွတ်ခွင့် ရှိ/ မရှိ မေးမြန်းခြင်း။

ကင်းလွတ်ခွင့်ဇုန်ရှိမြေငှားရမ်းခများအပေါ် အခွန်ကျသင့်မှုနှင့် ပတ်သက်၍ မြန်မာ အထူးစီးပွားရေးဇုန်ဥပဒေ၏ ပုဒ်မ ၃၊ ပုဒ်မခွဲ (စျ) တွင်ဖော်ပြထားသည့် "နိုင်ငံ တော်၏ပြင်ပတွင်ရှိသည်ဟု မှတ်ယူရမည့်နယ်မြေ" ဟုဆိုရာတွင် ကင်းလွတ်ဇုန် အတွင်းရှိကုန်စည်များ၊ ကင်းလွတ်ဇုန်အတွင်းသို့ တင်သွင်းမည့်ကုန်စည်များနှင့် ပတ်သက်၍ အခွန်အခများ ကင်းလွတ်စေရန်အလို့ငှာ ဖော်ပြထားခြင်းဖြစ်ပြီး မြေငှားရမ်းခများနှင့်သက်ဆိုင်ခြင်း မရှိပါကြောင်းနှင့် ကင်းလွတ်ဇုန်အတွင်း မြေ ငှားရမ်းခများအပေါ် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ ပုဒ်မ ၄၉ အရ ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားခြင်းမရှိပါက တည်ဆဲ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊ ၂၀၁၆ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ တို့အရ အခွန်စည်းကြပ် ကောက်ခံရပါမည်။

မြန်မာ့သြဘာလုပ်ငန်းစုကုမ္ပဏီလီမီတက်မှ ၎င်း၏အရောင်းကိုယ်စားလှယ်များ အား ကားကံစမ်းမဲပေါက်သည့် ကိုယ်စားလှယ်အမည်ဖြင့် ကုမ္ပဏီကစရိတ်များ ကျခံ၍ ကားဝယ်ပေးမည်ဖြစ်ရာ အဆိုပါကံစမ်းမဲပေါက်သည့်ကိုယ်စားလှယ်၏ အမည်ပေါက်ဆောင်ရွက်မှုအပေါ် အခွန်ပေးဆောင်ရန် လိုအပ်ခြင်း ရှိ/ မရှိ မေး မြန်းခြင်း။

ကုမ္ပဏီမှစရိတ်ကျခံ၍ ကံစမ်းမဲပေါက်သည့် ကိုယ်စားလှယ်၏အမည်ဖြင့် ကားဝယ် ပေးပြီး အမည်ပေါက်ဆောင်ရွက်ခြင်းသည် အခြေပစ္စည်းလွှဲပြောင်းပေးခြင်းဖြစ်ပြီး ဝင်ငွေခွန်ဥပဒေအရ ကင်းလွတ်ခွင့်ပြုထားခြင်း မရှိပါသဖြင့် ဝင်ငွေခွန်ကျသင့်မည် ဖြစ်ပါသည်။

ကျပ် ၁၀၀၀ တန် ထီလက်မှတ်ကို ၂၀၁၉ ခုနှစ်၊ ဇန္နဝါရီလတွင် စထုတ်မည်ဟု ရုံးချုပ်က ဖြေကြားထားပါသည်။ ဟုတ်/မဟုတ် သိရှိလိုခြင်း။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ကျပ် ၁၀၀၀ တန် ထီလက်မှတ် ထုတ်ဝေရန် ဝန်ကြီးရုံးကို ခွင့်ပြုချက်တောင်းခံထားဆဲဖြစ်ပါသည်။ ဝန်ကြီးရုံးကခွင့်ပြုချက်ရမှသာလျှင်  မည်သည့်ကာလမှာ စထုတ်နိုင်မည်ဆိုသည်ကို သိရှိရမှာဖြစ်ပါသည်။   ပြည်သူတွေကိုလည်း အသိပေးသွားမည်ဖြစ်ပါသည်။

အခုဆိုရှယ်မီဒီယာမှာပျံ့နှံ့နေတဲ့ ကျပ်သိန်းနှစ်သောင်းဆု အောင်ဘာလေထီကိစ္စနဲ့ပတ်သက် ပြီး သိရှိလိုခြင်း။

ပြန်ကြားရေးဝန်ကြီးဌာနတွင်ပြုလုပ်သွားသည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကျပ် ၁၀၀၀ တန်ထီ လက်မှတ်ထုတ်ဝေရန် ဆောင်ရွက် နေတယ်ဟုသာပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ကျပ်သိန်းနှစ်သောင်းဆု အောင်ဘာလေ ထီထုတ်မည်ဟု ပြောကြားခဲ့ခြင်းမဟုတ်ပါ။ ထီစာအုပ်ရောင်းရငွေ စုစုပေါင်းရဲ့ ၆၀% ကို  ဆုမဲအဖြစ် ခွဲဝေပေးခြင်းဖြစ်၍ ထီစာအုပ် မည်မျှရောင်းရမည်ဆိုသည်ကို စာရင်းမရရှိ သေးမီ ဆုမဲခွဲဝေမှုနှင့် ပတ်သက်ပြီးပြောကြား၍ မရပါ။

Pages