Quick Tab FAQ

ကျောက်မျက်ရတနာပြပွဲ၌ ကျောက်မျက်ရတနာရောင်းချပြီး ကြိုတင်စရံငွေပေးသွင်းခဲ့သော်လည်း အရောင်းအဝယ်ကိစ္စ ပျက်ပြယ်ခဲ့လျှင် ၎င်းကြိုတင်ငွေပေးချေပြီးမှုအပေါ် အထူးကုန်စည်ခွန် ကျသင့်မည်လား၊ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်လား။

ကျောက်မျက်ရတနာပြပွဲ၌ ကျောက်မျက်ရတနာရောင်းချပြီး ကြိုတင်စရံငွေရခဲ့သော်လည်း အရောင်းအဝယ် ပျက်ပြယ်သဖြင့် စရံငွေကိုရောင်းချသူမှရရှိသည့်ကိစ္စတွင် အထူးကုန်စည်ခွန် ရောင်းချရခြင်းမှ ရရှိသောဝင်ငွေမဟုတ်ဘဲ၊ ဝန်ဆောင်ခအနေဖြင့် ရရှိခဲ့ခြင်းကြောင့် အထူးကုန်စည်ခွန် ကျသင့်မည်မဟုတ်ဘဲ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ ကင်းလွတ်ခွင့်ရှိသည့် ဝန်ဆောင်မှုတွင်မပါဝင်၍ ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည် ဖြစ်ပါသည်။

အထူးကုန်စည်များကို ရောင်းချသည့်လကုန်ဆုံးပြီး (၁၀) ရက်အတွင်းကျသင့်အခွန် ပေးဆောင်ရမည်ဟုပြဋ္ဌာန်းထားရာ ကျောက်မျက်ရတနာများအနေဖြင့် မည်သည့်နေ့ကို ရောင်းချသည့်နေ့ဟုသတ်မှတ်သင့် ကြောင်း၊ ကြိုတင်စရံငွေပေးသွင်းသည့်နေ့ကို ဆိုလိုပါသလား (သို့) ငွေပေးချေပြီးနေ့ ကိုဆိုလိုပါသလားသိလိုခြင်း။

ကျောက်မျက်ရတနာရောင်းချရာတွင် ကျောက်မျက်ရတနာပြပွဲတွင်ရောင်းချပြီးနောက် ကျောက်မျက်ရတနာတန်ဖိုးငွေအပြည့် ပေးချေသည့်နေ့ကို ရောင်းချသည့်နေ့ဟု မှတ်ယူရမည်ဖြစ်ပါသည်။

လုပ်ငန်းဥပစာနေရာအတွင်းမှ အရက်၊ စီးကရက်၊ ဝိုင် တို့အား မည်သို့ဆောင်ရွက်ပြီးမှသာ အခြားတစ်နေရာသို့ ရွှေ့ပြောင်းခွင့်ရှိမည်နည်း။

ထုတ်လုပ်သည့် လုပ်ငန်းဥပစာနေရာအတွင်းမှ အရက်၊ စီးကရက်၊ ဝိုင်တို့အား အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပြီးမှသာ အခြားတစ်နေရာသို့ ရွှေ့ပြောင်းခွင့်ရှိနိုင်မည်ဖြစ်သည်။

လုပ်ငန်းဥပစာနေရာအား အတည်ပြုသတ်မှတ်ပေးရန် လိုအပ်ပါမည်လား။

လုပ်ငန်းဥပစာနေရာအား ပြည်တွင်းအခွန်များဦးစီးဌာနသို့ တင်ပြ၍ဌာနက အတည်ပြုသတ်မှတ်ပေးမည်ဖြစ်ပါသည်။

အထူးကုန်စည်ခွန် ဥပဒေပုဒ်မ ၃ ပုဒ်မခွဲ (ဂ)အရ နောက်ဆက်တွဲဇယားတွင် ဖော်ပြထားသည့် ကျောက် မျက်ရတနာအချောထည်များနှင့် လက်ဝတ်ရတနာများဆိုသည့် စကားရပ်တွင်ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သည့် ပယင်းပါဝင်ခြင်း ရှိ/ မရှိနှင့် လက်ဝတ်ရတနာဆိုသည်မှာ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်တို့ဖြင့် သီးခြားပြုလုပ်ထားသည့် လက်ဝတ်ရတနာကို ခေါ်ဆိုပါသလား။ သို့မဟုတ် အဆိုပါ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်တို့ကို ရွှေဖြင့်ပေါင်းစပ်ပြုလုပ်ထားသည့် အစုအဝေးကိုခေါ်ဆိုပါသလား။ ရွှေ၊ ပလက်တီနံ၊ ကြေး၊ ငွေတို့ဖြင့် ပေါင်းစပ်ပြုလုပ်ထားပါက မည်သည့်အလေးချိန်၊ တန်ဖိုးမည်မျှအထိကို အထူးကုန်စည်ဟု သတ်မှတ်ချက်ရှိပါသလား။

မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂(က) အရ ကျောက်မျက်ရတနာဆိုသည်မှာ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ စိန်၊ ပန်းညံ့၊ ပြောင်ခေါင်းစိမ်း၊ သုံးပန်လှမျိုးကျောက်၊ ဖရဲအူ၊ ရွှေတွင်းဝါ၊ မြမျိုးကျောက်၊ ဂေါ်မိတ်၊ ထပ်တစ်ရာ၊ သလင်းတူကျောက်၊ ဥဒေါင်၊ မျော၊ အညံ့ နီလာ၊ နဂါးသွဲ့၊ ကြံဆစ်ရေကျောက်၊ ပါလဒုတ္တာ၊ မြတူကျောက်၊ ပယင်း၊ ပုလဲပြာ၊ နက်ဖရိုက်၊ မှော်စစ်စစ်၊ ထုံကုံး၊ ပလွမ်၊ ထပ်ကျောက်၊ ထပ်ကွာစိမ်း၊ မိုးညှင်းနီလာ၊ ရေဂေါ်မိတ်၊ သန္တာ၊ ပိန်းနိုက်၊ သူရောင်၊ ဆာပင်တင်း၊ ငုပဆစ်၊ ဆိုဒါလိုက် သို့မဟုတ် အမ်ဖီဗိုးအုပ်စုဝင် ကျောက်များကိုဆိုသည်။ ယင်းစကားရပ်တွင် ရတနာတန်းဝင် ရောင်စုံကျောက်များ၊ သလင်း အုပ်စု၌ပါဝင်သော ရတနာတန်းဝင်ကျောက်များနှင့် သတ္တုတွင်းဝန်ကြီးဌာနက ပြည်ထောင်စု အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် အခါအားလျော်စွာ အမိန့်ကြော်ငြာစာထုတ်ပြန်၍ ကျောက်မျက် ရတနာဟုသတ်မှတ်သည့် ပစ္စည်းများလည်း ပါဝင်သည်။ အဆိုပါ ဥပဒေပုဒ်မ ၂(င) အရ လက်ဝတ်ရတနာဆိုသည်မှာ ကျောက်မျက်ရတနာအချောထည်ပါရှိသည့် လက်ဝတ်ရတနာကိုဆို သည်။ ကျောက်မျက်အထူးကုန်စည်ကို အလေးချိန်နှင့်သတ်မှတ်ခြင်းမရှိပါ။

Pages

သီလဝါဆိပ်ကမ်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် နှင့် BOT စာချုပ်ချုပ်ဆို၍ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် ၁၈၅/၉၆ ဖြင့် ဆိပ်ကမ်း တံတားသို့ လာရောက်ဆိုက်ကပ်ပြီး ကုန်တင်ကုန်ချပြုလုပ်သော နိုင်ငံခြားသင်္ဘော များထံမှလည်းကောင်း၊ ကုန်တင်သွင်းသူ/ ကုန်တင်ပို့သူများထံမှလည်းကောင်း ရရှိလာသောဝန်ဆောင်မှုရငွေများအပေါ် ၂၀၁၆ ခုနှစ်ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေ ပုဒ်မ ၁၄ (ဃ) အမှတ်စဉ် (၇) ပါကုန်စည်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း (မော်တော်ယာဉ်၊ ရေယာဉ်၊ လေ ယာဉ်၊ စက်ယန္တရားများ ဖြင့်သယ်ယူပို့ဆောင်ခြင်း) နှင့် အကျုံးဝင်မှုရှိ/ မရှိမေးမြန်း ခြင်း။

ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းမှရငွေများသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေပုဒ်မ ၁၄၊ အမှတ်စဉ် (၇) ပါကုန်စည်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းနှင့် အကျုံးဝင်မှုမရှိသဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရ မည်ဖြစ်ပါသည်။

သံရုံးများ၌ သန့်ရှင်းရေးဝန်ဆောင်မှုဆောင်ရွက်သည့်ကုမ္ပဏီက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ နှစ်ချုပ်ဖြင့် ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းအတွက် ရရှိငွေအပေါ် ကုမ္ပဏီမှစည်းကြပ်ခံယူရာ၌ ၂၀၁၆ -၂၀၁၇ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ် ငန်းခွန် ပေးဆောင်ရခြင်း ရှိ/ မရှိ။

သံရုံးများ၌ သန့်ရှင်းရေးဝန်ဆောင်မှုဆောင်ရွက်သည့်ကုမ္ပဏီက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ နှစ်ချုပ်ဖြင့် ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းအတွက် ရရှိငွေအပေါ် ကုမ္ပဏီမှစည်းကြပ်ခံယူရာ၌ ၂၀၁၆ -၂၀၁၇ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ် ငန်းခွန် ပေးဆောင်ရမည်ဖြစ်ပါသည်။ အပြန်အလှန်အခွင့်အရေးမူနှင့်အကျုံးဝင် ပါက သံရုံးမှရယူသည့် ဝန်ဆောင်မှုအပေါ် ကုန်သွယ်လုပ်ငန်းခွန်မကျသင့်ပါ။

၂၀၁၆ ခုနှစ်ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄ (ဂ) အမှတ်စဉ် (၆၈) ပါ ဆေးဂွမ်း၊ ဆေးပတ်၊ ဆေးပတ်တီး၊ ဆေးရုံသုံး အဝတ်အစားနှင့် ဆေးရုံသုံး အထွေထွေပစ္စည်းများ (ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းများတွင်အသုံးပြုရန် ကိုယ်တိုင် တင်သွင်းသည့်ပစ္စည်းများအတွက်သာ) ဟု ပြဋ္ဌာန်းထားရှိသည့်အတွက် ၎င်းကုန် ပစ္စည်းများအား ဆေးရုံဆေးခန်းကြီးများမှ ကိုယ်တိုင်တင်သွင်းပြီး အသုံးပြုရန် မဟုတ်ဘဲ ရပ်ကွက်အတွင်းရှိဆေးခန်းများသို့ ပြန်လည်ရောင်းချရန်အတွက် တင် သွင်းလာပါက ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ခြင်း ရှိ / မရှိ မေးမြန်းခြင်း။

အမိန့်ကြော်ငြာစာအမှတ် ၁၁၅/၂၀၁၆ တွင်ဖော်ပြထားပြီးဖြစ်သည့်အတိုင်း ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းများတွင်အသုံးပြုရန် ကိုယ်တိုင်တင်သွင်း၍ ဆိုင်ရာဆေးရုံ၊ ဆေးခန်း ၌ရောင်းချခြင်း၊ အသုံးပြုခြင်းဖြစ်ပါက ကုန်သွယ်လုပ်ငန်းခွန်မကျသင့်ပါ။ ဆေးရုံ၊ ဆေးခန်းများက တင်သွင်းပြီး အခြားသူသို့ ပြန်လည်ရောင်းချမည်ဆိုပါကလည်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။ အခြားသူကတင်သွင်းခြင်းဖြစ် ပါကလည်း ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ပါသည်။ အခြားသူက ရောင်းချခြင်းဖြစ် ပါကလည်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။

ပြည်တွင်းရှိ Media (လူထုဆက်သွယ်ရေး) လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီက ၄င်းရရှိသည့်  ဝန်ဆောင်မှုရရှိငွေအပေါ် ကျသင့် ကုန်သွယ်လုပ်ငန်းခွန်မှ Media လုပ်ငန်းလုပ်ကိုင်ရန် အတွက် ပြည်တွင်း၌ ကုန်ကြမ်းပစ္စည်းများ ဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူ ခြင်းများအတွက် ပေးခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ခုနှိမ်ပေး သွင်း၍ ရ/မရ မေးမြန်းခြင်း။

ဝန်ဆောင်မှုဆောင်ရွက်သည့်  Media  ( လူထုဆက်သွယ်ရေး ) လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအနေဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၁၈/၂၀၁၆ အရ ပြည်တွင်း၌ ဝယ်ယူသော ကုန်စည်များအတွက် ကုန်စည်တန်ဖိုးနှင့်အတူ ပေးဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝန်ဆောင်မှုလုပ်ငန်း ရယူခဲ့ရာ၌ ဝန်ဆောင်မှု ရငွေနှင့်အတူ ပေးဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန်တို့ကို Media လုပ်ငန်းဆောင်ရွက် သည့် ဝန်ဆောင်မှုအပေါ် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်၌ ခုနှိမ်ပေးသွင်းနိုင်ပါသည်။ ခုနှိမ်ခွင့်ရရှိရန် ဝန်ဆောင်မှုဆောင်ရွက်သူအား မှတ်ပုံတင်ခွင့်ပြုကြောင်း ထုတ်ပေးသည့် လက်မှတ်ပုံစံ ပတခ (ကသခ)-၂ နှင့် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၂ အရ ခုနှိမ်ခွင့်ရရန် ပြည်တွင်း၌ဝန်ဆောင်မှုဆောင်ရွက်ခြင်း သက်သေခံလက်မှတ် ပုံစံ ပတခ (ကသခ)- ၃၁ နှင့် ဝန်ဆောင်မှုဆောင်ရွက်စဉ် ဝန်ဆောင်မှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခဲ့မှုနှင့် ခုနှိမ်မှုစာရင်း ပုံစံ ပတခ ( ကသခ )-၃၃ တို့ကို သုံးစောင်ပြုစုရေးသား၍ မူရင်းကို  ဝယ်သူသို့ ပေးအပ်ရန်ဖြစ်ပြီး၊ မူရင်းခွဲကို ဝယ်သူနှင့်သက်ဆိုင်သည့် မြို့နယ်အခွန်ဦးစီး ဌာနမှူးထံသို့ ပေးပို့ရန်ဖြစ်ပြီး လက်ခံအား ကုမ္ပဏီက သိမ်းဆည်းထားရန်ဖြစ်ပါသည်။

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက မွန်ပြည်နယ် မုပလ္လင်မြို့နယ်၌ ဂဝံလမ်းခင်းကျောက်များ တူးဖော်၍ အိန္ဒိယနိုင်ငံသို့ တင်ပို့ရောင်းချရာတွင် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။

ဂဝံလမ်းခင်းကျောက်များကို အိန္ဒိယနိုင်ငံသို့ တင်ပို့ရောင်းချခြင်းအပေါ် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၇ ( ခ ) အရ ရောင်းရငွေအပေါ်တွင် သုည ရာခိုင်နှုန်းဖြင့် ကုန်သွယ် လုပ်ငန်းခွန်ကျသင့်မည်ဖြစ်ပါသည်။

Pages

ပြည်တွင်းရှိဘဏ်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သည့် ဂျပန်ရုံးခွဲကုမ္ပဏီတစ်ခုထံမှ ပြည်တွင်းကုမ္ပဏီတစ်ခုက ချေးယူငွေအပေါ် အတိုးငွေပေးအပ်ရာ၌ ပင်ရင်းမှနုတ် ယူပေးသွင်းခွန် WHT ၃.၅ % နုတ်ယူပေးသွင်းရခြင်းရှိ/ မရှိမေးမြန်းခြင်း။

ပြည်တွင်းရှိဘဏ်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သည့် ဂျပန်ရုံးခွဲကုမ္ပဏီတစ်ခုထံမှ ပြည်တွင်းကုမ္ပဏီတစ်ခုက ငွေချေးယူရာ ချေးယူငွေအပေါ် အတိုးငွေပေးအပ်ရာ တွင် နိုင်ငံခြားကုမ္ပဏီဖြစ်သော ပြည်ပနေနိုင်ငံခြားသားအား ပေးဆပ်ရသည့် အတိုး ပေးငွေအပေါ် ပင်ရင်းမှနုတ်ယူပေးသွင်းခွန် WHT ၁၅ % နုတ်ယူပေးသွင်းရ မည်ဖြစ်သည်။

ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (က) ၊ ပုဒ်မခွဲငယ် (၃) တွင် ပင်စင်၊ ပင်စင်မှ ပြောင်းလဲ၍ရရှိသောငွေနှင့် လုပ်သက်ဆုငွေတို့အပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိ ၍ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၃၃ ပုဒ်မခွဲငယ် (င) တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားယူသည့်အခါ ရရှိသည့် ပင်စင်နှင့်ကရုဏာကြေး တို့အပေါ် ဝင်ငွေခွန်ကင်းလွတ် ခွင့်ပြုထားပါသဖြင့် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အခြားဝန်ထမ်းများရရှိသည့် ပင်စင် နှင့် လုပ်သက်ဆုငွေ ကရုဏာကြေးတို့အပေါ် ဝင်ငွေခွန် ကင်းလွတ်ခွင့်ရှိ/မရှိ မေးမြန်းခြင်း။

ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့်ဥပဒေအရ ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (က) ၊ ပုဒ်မခွဲငယ်(၃)တွင် ပင်စင်၊ ပင်စင်မှပြောင်းလဲ၍ရရှိသောငွေနှင့် လုပ်သက်ဆုငွေတို့ အပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိကြောင်း အစားထိုးပြဋ္ဌာန်းခဲ့သဖြင့် နိုင်ငံ့ဝန် ထမ်းမဟုတ်သည့် အခြားဝန်ထမ်းများရရှိသည့်ပင်စင်၊ ပင်စင်မှပြောင်းလဲ၍ရရှိ သောငွေနှင့် လုပ်သက်ဆုငွေတို့အပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရှိပါသည်။

တရုတ်နိုင်ငံ၌ ရုံးချုပ် (Head Office) တည်ရှိပြီး ပြည်တွင်း၌ တရုတ်ရုံးခွဲကုမ္ပဏီ လာရောက်ဖွင့်လှစ်လုပ်ကိုင်ကြသည့် ကုမ္ပဏီအနေဖြင့် ပြည်တွင်းတရုတ်နိုင်ငံခြား ကုမ္ပဏီ၏ လိုအပ်သောငွေကြေးကို Head Office တရုတ်နိုင်ငံမှချေးယူရာတွင် ၎င်းတို့အချင်းချင်း အတိုးနှုန်းအနည်းငယ်သာရယူ၍ ချေးငှားယူကြရာ ပြည်တွင်း၌ ဖွင့်လှစ်ဆောင်ရွက်သည့် ရုံးခွဲတရုတ်ကုမ္ပဏီမှာ ရုံးချူပ်ကုမ္ပဏီပင် ဖြစ်ပါသဖြင့် တရုတ်နိုင်ငံသို့ အတိုးနှုန်းပေးငွေအပေါ် ပင်ရင်းမှနုတ်ယူပေးသွင်းခွန် WHT ၁၅% နုတ်ယူရခြင်း ရှိ/ မရှိ သိရှိလို၍ မေးမြန်းခြင်း။

တရုတ်နိုင်ငံ၌ ရုံးချုပ်တည်ရှိပြီး ပြည်တွင်း၌ တရုတ်ရုံးခွဲကုမ္ပဏီ လာရောက် ဖွင့်လှစ်လုပ်ကိုင်ကြသည့် ကုမ္ပဏီအနေဖြင့် ပြည်တွင်းတရုတ်နိုင်ငံခြားကုမ္ပဏီ၏ လိုအပ်သောငွေကြေးကို Head Office တရုတ်နိုင်ငံမှချေးယူရာတွင် ရုံးခွဲနှင့် ရုံးချုပ်သည် တစ်ရုံးတည်းဖြစ်ပါကအတိုးပေးရန်မလိုအပ်ပါ။ ၎င်းတို့အချင်းချင်း အတိုးဖြင့်ငွေချေးယူမည်ဆိုပါက အဆိုပါအတိုးပေးငွေအပေါ် အမိန့်ကြော်ငြာစာ အမှတ် ၄၁/ ၂၀၁၀ အရ ပင်ရင်းမှနုတ်ယူပေးသွင်းခွန် ဖြတ်ယူရမည် ဖြစ်ပြီး ပြည် တွင်းရုံးခွဲ၏ ပြည်တွင်းဝင်ငွေအပေါ် ဝင်ငွေခွန်နည်းဥပဒေ ၁၀ ပါအတိုင်း စည်းကြပ်မှု ခံယူရန်လိုအပ်မည် ဖြစ်ပါသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သည် (Agency Francaise de' Development, AFD) မှ Grant အကူအညီဖြင့် ဆောင်ရွက်မည့် အမရပူရမြို့နယ် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အတိုင် ပင်ခံကုမ္ပဏီဖြင့် စာချုပ်ချုပ်ဆိုရာတွင် ဝင်ငွေခွန်ကင်းလွတ်ခွင့် ရှိ/ မရှိ မေးမြန်း လာခြင်း။

Grant အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အတိုင်ပင်ခံ ကုမ္ပဏီဖြင့် စာချုပ်ချုပ်ဆိုရာတွင် ဝင်ငွေခွန်ကင်းလွတ်ခွင့်မရှိပါ၊ WHT ကို ၄၁/ ၂၀၁၀ ပါအတိုင်း ဖြတ်တောက်ပေးသွင်းရမည်ဖြစ်ပါသည်။ Grant အထောက် အပံ့ရငွေဖြင့်ရယူသည့် ဝန်ဆောင်မှုသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်မည်ဖြစ်ပါသည်။ အတိုင်ပင်ခံ ကုမ္ပဏီသည် ပြည်တွင်း၌ဖွဲ့စည်းသောကုမ္ပဏီ မဟုတ်ပါက Non Resident Foreigner ဖြစ်သည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ AFD ၏ကူညီထောက်ပံ့ငွေဖြင့် အမရပူရ ရေပေးဝေရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် ဝန်ဆောင်မှုပေးမည့် အတိုင်ပင်ခံအဖွဲ့အစည်းနှင့် စာချုပ်ချုပ်ဆိုရာတွင် အဖွဲ့အစည်းသို့ပေးဆောင်ရမည့် ဝန်ဆောင်ခအတွက် နိုင်ငံသားအလိုက် ဝင်ငွေခွန်ကင်းလွတ်ခွင့် ခွဲခြားသတ်မှတ် ထားခြင်း ရှိ/ မရှိမေးမြန်းခြင်း။

အဖွဲ့အစည်းသို့ပေးဆောင်ရမည့် ဝန်ဆောင်ခအတွက် နိုင်ငံသားအလိုက် ဝင်ငွေခွန် ကင်းလွတ် ခြင်းမရှိပါ။

Pages

အိမ်ငှားရမ်းခြင်းနှင့်စပ်လျဉ်း၍ အိမ်ရှင်နှင့်အိမ်ငှားတို့ ငှားရမ်းခြင်းစာချုပ်ချုပ် ဆိုကြပြီး ယင်းစာချုပ်အပေါ် ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်အား ငှားရမ်းမည့်သူ (အိမ်ငှား) က ထမ်းဆောင်ရန် ဖြစ်သော်လည်း ငှားရမ်းမည့်သူ (အိမ်ရှင်) က ထမ်းဆောင်ထားခြင်းမရှိသည့်ကိစ္စရပ်တွင် ငှားရမ်းသူ (အိမ်ရှင်) က အိမ်ငှားရမ်းခ ငွေအပေါ် ဝင်ငွေခွန်ပေးဆောင်ရန် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးမှူးရုံးသို့ လာ ရောက်တင်ပြသည့်အခါ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ထားခြင်းမရှိသော ငှားရမ်း စာချုပ်ဖြစ်သဖြင့် ကျသင့်မည့်ဒဏ်ငွေအား ငှားရမ်းသူ (အိမ်ရှင်) က ပေးဆောင် စေခြင်းသည် မှန်ကန်မှု ရှိ/ မရှိ မေးမြန်းခြင်း။

အိမ်ငှားရမ်းခြင်းနှင့်စပ်လျဉ်း၍ အိမ်ရှင်နှင့်အိမ်ငှားတို့ ငှားရမ်းခြင်းစာချုပ်ချုပ် ဆိုကြလျှင် အိမ်ငှားရမ်းသူ (အိမ်ငှား) က မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၁၇ အရ စာချုပ်မချုပ်ဆိုမှီဖြစ်စေ၊ စာချုပ်ချုပ်ဆိုသည့်အခါ၌ဖြစ်စေ ထိုက် သင့်သည့်တံဆိပ်ခေါင်းကို ထမ်းဆောင်ရမည်။ အိမ်ငှားရမ်းသူ (အိမ်ရှင်) က အိမ် ခန်းငှားရမ်းခငွေအပေါ် ဝင်ငွေခွန်ပေးဆောင်ရန် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီး မှူးရုံးသို့ လာရောက်တင်ပြသည့်အခါ ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန် ကျနစွာ ကပ်မထားသော စာချုပ်စာတမ်းဖြစ်ပါက မြို့နယ်အခွန်ဦးစီးမှူးက ပုဒ်မ ၃၃ အရ သိမ်းချုပ်ရမည်ဖြစ်ပြီး ပုဒ်မ ၃၅ အရ လျော့နည်းသည့် တံဆိပ်ခေါင်းခွန်နှင့် ယင်း ၏(၁၀) ဆနှင့်ညီမျှသောဒဏ်ငွေအား တင်ပြသူက ပေးဆောင်ရမည်ဖြစ်သည်။ လျော့နည်းတံဆိပ်ခေါင်းခွန်နှင့်ဒဏ်ငွေအား စာချုပ်တင်ပြသူ (အိမ်ရှင်) က ပေး ဆောင်စေခြင်းသည် ဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်ပြီး စာချုပ်မူရင်းမဟုတ်ဘဲ မိတ္တူဖြစ်လျှင် ယင်းသို့မဆောင်ရွက်နိုင်ပါ။

Consulting Co., Ltd တစ်ခုမှ ဘဏ်တွင်ကုမ္ပဏီ၏ အစုရှယ်ယာများအား အပေါင်အဖြစ်ထားရှိ၍ ငွေချေးယူသည့်အခါ ဘဏ်နှင့်ကုမ္ပဏီအကြား ချုပ်ဆိုသည့် စာချုပ်စာတမ်း၌ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည် ဖြစ်သည့်အတွက် အစု ရှယ်ယာအား ရွှေ့ပြောင်းနိုင်သောပစ္စည်း (သို့မဟုတ်) မရွှေ့ပြောင်းနိုင်သောပစ္စည်း အဖြစ်မည်သို့သတ်မှတ်ပါကြောင်း၊ ယင်းသို့သိရှိမှသာ တံဆိပ်ခေါင်းခွန်နှုန်းထား မည်မျှဖြင့်ထမ်းဆောင်ရန် သိနိုင်မည်ဖြစ်၍ မေးမြန်းခြင်း။

Consulting Co., Ltd တစ်ခုမှ ဘဏ်တွင်ကုမ္ပဏီ၏ အစုရှယ်ယာများအား အပေါင် အဖြစ်ထားရှိ၍ ငွေချေးယူသည့်အခါ ဘဏ်နှင့်ကုမ္ပဏီအကြား ချုပ်ဆိုသည့် စာချုပ် စာတမ်းတွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ဇယား (၁) အမှတ်စဉ် (၄၀) အရ အဆိုပါ အပေါင်စာချုပ်ဖြင့် အာမခံပေးသည့်ငွေနှင့်ညီမျှသော အဖိုးစားနားအတွက် တံဆိပ်ခေါင်းခွန်မှာ ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် ၂ % တံဆိပ်ခေါင်း ခွန်ကို ထမ်းဆောင်ရမည်ဖြစ်ပါသည်။

ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်း အရောင်းအဝယ်ပြုလုပ် ရာတွင် ကပ်ရမည့် တံဆိပ်ခေါင်းတန်ဖိုး % များတူမတူမေးမြန်းခြင်း။

ရွှေ့ပြောင်းနိုင်သောပစ္စည်းဖြစ်စေ၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းဖြစ်စေ အရောင်းအဝယ် ပြုလုပ်ရာ တွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ဇယား (၁) အမှတ်စဉ် (၂၃) အရ ပစ္စည်းလွှဲပြောင်းစာချုပ်ဖြစ်၍ ထမ်းဆောင်ရမည့်တံဆိပ်ခွန်နှုန်းမှာ တူညီပါသည်။ သို့ရာတွင် မရွှေ့ပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းသည့်စာချုပ်စာတမ်းများ ချုပ်ဆိုရာတွင် ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန် ၂ % အပြင် အပိုတံဆိပ်ခေါင်းခွန် ၂% အား အဆိုပါပစ္စည်း တည်ရှိရာနေရာရှိဈေး ကွက်ပေါက်ဈေးနှင့်အညီ ထမ်း ဆောင်စေရမည်ဖြစ်ပါသည်။

အများဆုံးသတ်မှတ်ထားသည့် တံဆိပ်ခေါင်းကပ်ရမည့် တံဆိပ်ခေါင်းတန်ဖိုး မေးမြန်းခြင်း။

အများဆုံးသတ်မှတ်ထားသည့် တံဆိပ်ခေါင်းကပ်ရမည့် တံဆိပ်ခေါင်းတန်ဖိုးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေဇယား (၁) တွင် စာချုပ်စာတမ်း အမျိုးအစား (၆၅) မျိုး ပြဌာန်းထားရာ စာချုပ်အမျိုးအစားများအလိုက် ကွဲပြားခြားမှု ရှိသဖြင့် စာချုပ်များအပေါ်တွင် ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းတန်ဖိုးများမှာလည်း ကွဲပြားခြားနားမည် ဖြစ်ပါသည်။

တံဆိပ်ခေါင်းမကပ်ရမည့် အရောင်းအဝယ်ပမာဏ ရှိ/ မရှိ မေးမြန်းခြင်း။

တံဆိပ်ခေါင်းမကပ်ရမည့် အရောင်းအဝယ်ပမာဏနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတံဆိပ် ခေါင်းအက် ဥပဒေ ပုဒ်မ ၉ အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် စာချုပ်စာတမ်းတစ်ရပ်ရပ်ကို တံဆိပ်ခေါင်းခွန်လျော့ပေါ့ သို့မဟုတ် ကင်းလွတ် ခွင့်ပြုသည့်ကိစ္စမှတစ်ပါးအခြား မည်သည့်အရောင်းအဝယ်စာချုပ်စာတမ်းကိုမဆို ဇယား (၁) အမှတ်စဉ် (၂၃) အရ တံဆိပ် ခေါင်းခွန်ထိုက်သင့်မည်ဖြစ်ပါသည်။

Pages

တနင်္သာရီတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးရုံးမှ ယာဉ်တင်သွင်းမှုတစ်ခုအတွက် အခွန်နှစ်ထပ် ပေးဆောင်မှုဖြစ်နေပါသဖြင့် ထပ်မံပေးသွင်းရမည့်အခွန်ငွေများအား ကင်းလွတ်ခွင့်ပြုနိုင်ခြင်း ရှိ/ မ ရှိ မေးမြန်းလာခြင်း။

တင်သွင်းသူသည် ( General Administration Department - GAD) ဖြစ်၍ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်မည်ဖြစ်သော်လည်း ဝင်ငွေခွန်ပေးဆောင်ရမည် မဟုတ် ပါ။ တင်ဒါတင်သွင်း သူအမည်ဖြင့် ကျသင့်သည့်ကုန်သွယ်လုပ်ငန်းခွန်မှ GAD အမည်ဖြင့် ပေးသွင်းသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ခုနှိမ်ခွင့်မရပါ။

Myanmar Japan Thilawa Development Ltd သည် သီလဝါအထူးစီပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီထံမှ မြေဟက်တာ ၄၀၀ ခန့်ကိုငှားရမ်းရယူခဲ့ပြီး ၎င်းတို့ အနက်မှ တချို့ကို လုပ်ငန်းမြှင့်တင်ရေးဇုန် ရင်းနှီးမြှပ်နှံသူများသို့လည်းကောင်း၊ တချို့ကို ကင်းလွတ်ဇုန်ရင်းနှီးမြှပ်နှံသူများသို့လည်းကောင်း ထပ်ဆင့်အငှားချထား ခြင်းနှင့်စပ်လျဉ်း၍ ကင်းလွတ်ခွင့်ဇုန်အတွင်း ရင်းနှီးမြှုပ်နှံသူများအပေါ် အခွန် ကင်းလွတ်ခွင့် ရှိ/ မရှိ မေးမြန်းခြင်း။

ကင်းလွတ်ခွင့်ဇုန်ရှိမြေငှားရမ်းခများအပေါ် အခွန်ကျသင့်မှုနှင့် ပတ်သက်၍ မြန်မာ အထူးစီးပွားရေးဇုန်ဥပဒေ၏ ပုဒ်မ ၃၊ ပုဒ်မခွဲ (စျ) တွင်ဖော်ပြထားသည့် "နိုင်ငံ တော်၏ပြင်ပတွင်ရှိသည်ဟု မှတ်ယူရမည့်နယ်မြေ" ဟုဆိုရာတွင် ကင်းလွတ်ဇုန် အတွင်းရှိကုန်စည်များ၊ ကင်းလွတ်ဇုန်အတွင်းသို့ တင်သွင်းမည့်ကုန်စည်များနှင့် ပတ်သက်၍ အခွန်အခများ ကင်းလွတ်စေရန်အလို့ငှာ ဖော်ပြထားခြင်းဖြစ်ပြီး မြေငှားရမ်းခများနှင့်သက်ဆိုင်ခြင်း မရှိပါကြောင်းနှင့် ကင်းလွတ်ဇုန်အတွင်း မြေ ငှားရမ်းခများအပေါ် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ ပုဒ်မ ၄၉ အရ ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားခြင်းမရှိပါက တည်ဆဲ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊ ၂၀၁၆ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ တို့အရ အခွန်စည်းကြပ် ကောက်ခံရပါမည်။

မြန်မာ့သြဘာလုပ်ငန်းစုကုမ္ပဏီလီမီတက်မှ ၎င်း၏အရောင်းကိုယ်စားလှယ်များ အား ကားကံစမ်းမဲပေါက်သည့် ကိုယ်စားလှယ်အမည်ဖြင့် ကုမ္ပဏီကစရိတ်များ ကျခံ၍ ကားဝယ်ပေးမည်ဖြစ်ရာ အဆိုပါကံစမ်းမဲပေါက်သည့်ကိုယ်စားလှယ်၏ အမည်ပေါက်ဆောင်ရွက်မှုအပေါ် အခွန်ပေးဆောင်ရန် လိုအပ်ခြင်း ရှိ/ မရှိ မေး မြန်းခြင်း။

ကုမ္ပဏီမှစရိတ်ကျခံ၍ ကံစမ်းမဲပေါက်သည့် ကိုယ်စားလှယ်၏အမည်ဖြင့် ကားဝယ် ပေးပြီး အမည်ပေါက်ဆောင်ရွက်ခြင်းသည် အခြေပစ္စည်းလွှဲပြောင်းပေးခြင်းဖြစ်ပြီး ဝင်ငွေခွန်ဥပဒေအရ ကင်းလွတ်ခွင့်ပြုထားခြင်း မရှိပါသဖြင့် ဝင်ငွေခွန်ကျသင့်မည် ဖြစ်ပါသည်။

ကျပ် ၁၀၀၀ တန် ထီလက်မှတ်ကို ၂၀၁၉ ခုနှစ်၊ ဇန္နဝါရီလတွင် စထုတ်မည်ဟု ရုံးချုပ်က ဖြေကြားထားပါသည်။ ဟုတ်/မဟုတ် သိရှိလိုခြင်း။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ကျပ် ၁၀၀၀ တန် ထီလက်မှတ် ထုတ်ဝေရန် ဝန်ကြီးရုံးကို ခွင့်ပြုချက်တောင်းခံထားဆဲဖြစ်ပါသည်။ ဝန်ကြီးရုံးကခွင့်ပြုချက်ရမှသာလျှင်  မည်သည့်ကာလမှာ စထုတ်နိုင်မည်ဆိုသည်ကို သိရှိရမှာဖြစ်ပါသည်။   ပြည်သူတွေကိုလည်း အသိပေးသွားမည်ဖြစ်ပါသည်။

အခုဆိုရှယ်မီဒီယာမှာပျံ့နှံ့နေတဲ့ ကျပ်သိန်းနှစ်သောင်းဆု အောင်ဘာလေထီကိစ္စနဲ့ပတ်သက် ပြီး သိရှိလိုခြင်း။

ပြန်ကြားရေးဝန်ကြီးဌာနတွင်ပြုလုပ်သွားသည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကျပ် ၁၀၀၀ တန်ထီ လက်မှတ်ထုတ်ဝေရန် ဆောင်ရွက် နေတယ်ဟုသာပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ကျပ်သိန်းနှစ်သောင်းဆု အောင်ဘာလေ ထီထုတ်မည်ဟု ပြောကြားခဲ့ခြင်းမဟုတ်ပါ။ ထီစာအုပ်ရောင်းရငွေ စုစုပေါင်းရဲ့ ၆၀% ကို  ဆုမဲအဖြစ် ခွဲဝေပေးခြင်းဖြစ်၍ ထီစာအုပ် မည်မျှရောင်းရမည်ဆိုသည်ကို စာရင်းမရရှိ သေးမီ ဆုမဲခွဲဝေမှုနှင့် ပတ်သက်ပြီးပြောကြား၍ မရပါ။

Pages