Quick Tab FAQ

၁။ Market Spider Myanmar Co.,Ltd သည် ထိုင်းနိုင်ငံရှိ Asia Connect International Limited နှင့်ပူးပေါင်း၍ “အဆင့်မြင့်ကျောက်မျက်ရတနာပြပွဲ ၂၀၁၈” အား (၃၀-၃-၂၀၁၈) မှ(၂-၄-၂၀၁၈) ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် အဆိုပါပွဲတွင် ဟောင်ကောင်၊ ထိုင်း နိုင်ငံစသည်တို့မှ စိန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် လာရောက်ခင်းကျင်း ပြသမည်ဖြစ်သဖြင့် ပြပွဲတွင်ရောင်းချမည့် ကျောက်မျက်ရတနာများအတွက် ကောက်ခံ ရမည့် (ကုန်သွယ်ခွန်၊ အထူးကုန်စည်ခွန်) များ၏ ကောက်ခံ ရမည့် နှုန်းထားများအား သိရှိလို၍မေးမြန်းခြင်း။

ပြပွဲတွင်ရောင်းချမည့် ကျောက်မျက်ရတနာများအတွက်ကောက်ခံရမည့် ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့်စပ်လျဉ်း၍ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၁ (က) ဇယားပါနှုန်းထားများအရ “ကျောက်စိမ်းအရိုင်းထည်များ အပေါ် ၁၅ % ၊ ပတ္တမြား ၊ နီလာနှင့် အခြား အဖိုးတန်ကျောက်မျက်ရတနာ အရိုင်းထည်များအပေါ် ၁၀%၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန်ကျောက်မျက် ရတနာအချောထည်များ၊ လက်ဝတ်ရတနာတွင် စွဲကပ်ထားသည့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့်အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည် များအပေါ် ၅ % ” အထူးကုန်စည်ခွန် ကျသင့်မည် ဖြစ်ပါကြောင်း၊ အထူးကုန်စည်ခွန် အပါအဝင် ရောင်းရငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါကြောင်း၊ ခန်းမငှားရမ်းသည့် ဝန်ဆောင်မှုအတွက် ကုန်သွယ် လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ ၁၄(ခ) အရ စိန်ကို ပြည်ပမှတင်သွင်းရောင်းချခြင်း၊ ပြည်တွင်း၌ ပြန်လည် ရောင်းချခြင်းဖြစ်ပါက ရောင်းရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ် ပါသည်။

၂၈။    အခွန်စည်းကြပ်မှုခံယူလျက်ရှိသော အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှ ၎င်းတို့ ထုတ်ချေးထားသည့်ချေးငွေကို ချေးငွေအတန်းအစားအလိုက် သတ်မှတ်ရာခိုင်နှုန်းများဖြင့် ကြွေးဆုံးလျာထားမှုများအား ကုမ္ပဏီများ၏နှစ်ချုပ်စာရင်းတွင် စရိတ်အဖြစ်တင်ပြခြင်း အပေါ် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ) တွင် “စီးပွားရေးလုပ်ငန်းများ၏ဝင်ငွေကို တွက်ချက်ရာတွင် ဝင်ငွေရရှိရန် ကုန်ကျစရိတ်များနှင့် စည်းမျဉ်းများအရ ပြဋ္ဌာန်းသည့် ပစ္စည်းတန်ဖိုးလျော့ငွေတို့ကို နုတ်ပေးရမည်”ဟု ပြဋ္ဌာန်းထားပါသဖြင့် ၎င်းတို့အနေဖြင့် လုပ်ငန်းသဘောသဘာဝအရ ချေးငွေအပေါ် ကြွေးဆုံးမှုများဖြစ်ပေါ်နိုင်သည်ဖြစ်၍ ဘဏ္ဍာ နှစ်အတွင်း ချေးငွေသည် အမှန်တကယ်ပြန်မရသည့်ကြွေးဆုံးအား အရှုံးအမြတ်စာရင်းတွင် စရိတ်အဖြစ် တင်ပြလာခြင်းအပေါ် ခွင့်ပြုနိုင်ခြင်းရှိ/မရှိမေးမြန်းခြင်း။

ကြွေးဆုံး (အမှန်) ကို အထောက်အထားများစိစစ်၍ စရိတ်အဖြစ် ခွင့်ပြုနိုင်သော်လည်း ကြွေးဆုံး (လျာထား) ကို ခွင့်မပြုပါ။

၁၄။    မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် M. Development Co.,Ltd တို့ သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ချမ်းမြရွှေပြည်ယာဉ်ရပ်နားစခန်း အား အဆင့်မြှင့်တင်မှုများပြုလုပ်ရန် မြေနေရာအငှားစာချုပ်ကို သဘောတူစာချုပ် ချုပ်ဆို သည့်အပေါ်တွင် အငှားစာချုပ်မှာ ပထမနှစ် ၅၀ ပြည့်ပြီးပါက ၁၀ နှစ် ၁ ကြိမ်စီနှင့် ၂ ကြိမ် (နှစ် ၂၀) ထပ်မံ သက်တမ်းတိုးဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ အငှားစာချုပ်မှာ ဇယား (၁) အမှတ်စဉ် ၃၅၊ အပိုဒ် (က)၊ အပိုဒ်ခွဲ (၄) နှင့် (၅) တို့အနက် မည်သည့် ပုဒ်မခွဲနှင့် အကျုံးဝင်သည်ကို သိရှိလို၍မေးမြန်းခြင်း။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် M.Development Co.,Ltd  တို့ကြား ချုပ်ဆိုသောသဘောတူစာချုပ်တွင်“ဤစာချုပ်သည် BOT စနစ်ဖြင့်လုပ်ငန်းဆောင်ရွက်ရန် အတွက် နှစ်ဦးသဘောတူ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ဖြစ်သည်” ဟု ထည့်သွင်း ချုပ်ဆိုထားသည့်အတွက် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေဇယား ၁၊ အမှတ်စဉ် ၅(ဂ) တွင် “ဖက်စပ်သဘောတူစာချုပ်၊ ထုတ်လုပ်ခြင်းနှင့် အကျိုးအမြတ်ခွဲဝေခြင်းပဋိညာဉ်စာချုပ်၊ ဆောက်လုပ်ရေးသဘောတူစာချုပ် သို့မဟုတ် အလားတူ သဘောတူစာချုပ် သို့မဟုတ် ပဋိညာဉ်စာချုပ်နှင့်သက်ဆိုင်လျှင်” ဟု ပြဋ္ဌာန်းထားရာ ဇယား ၁၊ အမှတ်စဉ် ၅(ဂ) အရ တံဆိပ်ခေါင်းခွန်ထိုက်သင့်မည်ဖြစ်ပြီး၊ စာချုပ်တွင် မြေငှားရမ်းခြင်းကိုလည်း ထည့်သွင်း ချုပ်ဆိုထားရာ မြေငှားရမ်းခြင်းအတွက် တစ်နှစ်လျှင်မြန်မာကျပ်ငွေ သိန်း (၃၀၀၀) (ကျပ်သိန်းသုံးထောင်တိတိ) ကို ပေးဆောင်ရန်နှင့် ၁၀ နှစ် တစ်ကြိမ် တစ်ဆယ် ရာခိုင်နှုန်း တိုးမြှင့် ပေးသွင်းရမည်ဟုပါရှိသည့်အပြင် ပရီမီယံအဖြစ် ငွေကျပ် သန်းနှစ်ထောင်ကို ပေးသွင်းပြီးဖြစ်သည့်အတွက် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ဇယား ၁၊ အမှတ်စဉ် ၃၅ (ဂ) အရ ပရီမီယံအပေါ်တွင် လည်းကောင်း၊ မြေငှားရမ်းခအပေါ်တွင် အမှတ်စဉ် ၃၅၊ အပိုဒ်(က)၊ အပိုဒ်ခွဲ (၃) အရလည်းကောင်း တံဆိပ်ခေါင်းခွန် ကျသင့်မည်ဖြစ်ပါသည်။ အဆိုပါစာချုပ်တွင် ကွဲပြားခြားနားသော အကြောင်းအရာ (၂) ရပ်ပါဝင်သည့်အတွက် မြန်မာနိုင်ငံတံဆိပ် ခေါင်းအက်ဥပဒေပုဒ်မ ၅ အရ သီးခြားစာချုပ်များအပေါ် ထိုက်သင့် မည့်တံဆိပ်ခေါင်းခွန် စုစုပေါင်းကို ထိုက်သင့်စေရမည်ဖြစ်၍ အဆိုပါစာချုပ်သည် အထက် ဖော်ပြချက်အရ ကန်ထရိုက်စာချုပ်နှင့် မြေအငှားစာချုပ်နှစ်ရပ်ပေါင်းပေါ်တွင် တံဆိပ် ခေါင်းခွန်ထမ်းဆောင်ရန် လိုအပ်မည်ဖြစ်ပါသည်။

၁၃။    ရန်ကုန်မြို့ရှိ American Center နှင့် မန္တလေးမြို့ရှိ Jefferson Center များသည် အမေရိကန် သံရုံးလက်အောက်တွင် ဖွင့်လှစ်ထားပြီး သံရုံးအစိတ်အပိုင်းအဖြစ် တည်ရှိနေသည့်အတွက် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ ယင်းပညာရေးစင်တာ (၂) ခု၏တယ်လီဖုန်းခေါ်ဆိုခ များအတွက် ကျသင့်ငွေပေးချေရာတွင် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရှိ/ မရှိ သိရှိလိုပါ သည်။

Vienna Convention ပါပြဋ္ဌာန်းချက်များအရ Diplomatic mission အဖွဲ့ဝင်များသည် သွယ်ဝိုက်ခွန်ဖြစ်သည့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်မရှိပါ။ သို့ရာတွင် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄၊ ပုဒ်မခွဲ (ဃ) အမှတ်စဉ် ၂၄ အရ အကျုံးဝင် သည့် အပြန်အလှန်အခွင့်အရေးမူရှိသည့် နိုင်ငံခြားသံရုံးများ သို့မဟုတ် သံရုံးငယ်များဖြစ်ပါက ကင်းလွတ်ခွင့်နှင့် အကျုံးဝင်မည်ဖြစ်ပါသည်။ အပြန်အလှန်အခွင့်အရေးမူရှိသည့် နိုင်ငံခြား သံရုံးများ သို့မဟုတ် သံရုံးငယ်များဖြစ်ပါက နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် လျှောက်ထားရပါမည်။

၁။ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေတွင် စာအုပ်စာပေ၊ မဂ္ဂဇင်း၊ စာစောင်၊ သတင်းစာထုတ်ဝေရေးဝန်ဆောင်မှုလုပ်ငန်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ် ခွင့်ပြုခဲ့သဖြင့် ကြော်ငြာထည့်သွင်းသူများအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန် လိုအပ်ခြင်းရှိ/ မရှိ သိရှိလိုခြင်း။

မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်၊ သတင်းစာများတွင် အခကြေးငွေယူ၍ ကြော်ငြာထည့်သွင်း သည့် ဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄ ပုဒ်မခွဲ(ဃ) အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သော ဝန်ဆောင်မှုလုပ်ငန်းများ တွင် ပါဝင်ခြင်းမရှိပါသဖြင့် ကြော်ငြာထည့်သွင်းသူများအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန်လိုအပ်ပါသည်။

၂။ ပညာသုတေသနနှင့်စီမံကိန်းဦးစီးဌာနမှ Myanmar Education Quality Improvement Programm အရ ODA Loan ဖြင့် ဆောင်ရွက်နေသော လုပ်ငန်းအတွက် အခွန် ကင်းလွတ်ခွင့်ရရန် မည်သို့ဆောင်ရွက်ရမည်နည်း Hotel များတွင် အခန်းငှား၍ အစည်း အဝေးများလုပ်ပါက ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရ/မရ မေးမြန်းခြင်း။

ODA Loan ဖြင့် ဆောင်ရွက်နေသော လုပ်ငန်းအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၏အမိန့်ကြော်ငြာစာအမှတ် ၃၈/၂၀၁၈ အရ ကင်းလွတ်ခွင့်ရရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှတစ်ဆင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့တင်ပြ၍ အတည်ပြုချက် တောင်းခံဆောင်ရွက်ရမည်ဖြစ်ပါသည်။ စီမံကိန်းလုပ်ငန်းအတွက် သဘောတူစာချုပ် တစ်ရပ်ရပ်ချုပ်ဆို၍ ပြည်တွင်း၌ ကုန်စည်ဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်းအတွက် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်ကို ကင်းလွတ်ခွင့်ပြုသည်။ သို့ရာတွင် ကုန်စည်များ၊ ကုန်ကြမ်းများကို ဈေးဝယ်သည့် (Shopping) သဘောကဲ့သို့ ဝယ်ယူခြင်း၊ ဝန်ထမ်း များက ဟိုတယ်များ၊ စားသောက်ဆိုင်များတွင် နေထိုင် စားသောက်ခြင်း၊ လျှပ်စစ်ခ၊ မီတာခနှင့် ကုန်တိုက်များတွင် အသုံးအဆောင်များ၊ စားသောက်ကုန်များ၊ ဝယ်ယူခြင်း ဖုန်းပြောဆိုမှုများစသည့် ဝန်ဆောင်မှုများ ရယူခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည် ဖြစ်ပါသည်။

၃။ ပညာရေးအတွက်သင်ထောက်ကူပစ္စည်း (၁၅) မျိုးကျော် တင်ဒါခေါ်ယူရာတွင် ကုန်သွယ် လုပ်ငန်းခွန်ကင်းလွတ်ခွင့် ရ/မရ သိရှိလိုခြင်း။

သင်ထောက်ကူပစ္စည်း (၁၅) မျိုးသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ ၁၄ ၊ ပုဒ်မခွဲ (က) ပါဇယားတွင် ဖော်ပြထားသည့် ကုန်စည် ၈၆ မျိုးတွင် ပါဝင်သည့်ကုန်စည်များဖြစ်ပါက ကုန်သွယ်လုပ်ငန်း ခွန်မကျသင့်ပါ။

၄။ မိမိပိုင်မြေကွက်အား နှစ် ၃၀ စာ ငှားရမ်းမည်ဖြစ်ပြီး ငှားရမ်းခငွေကို စာချုပ်ချုပ်သည့်နေ့ တွင် တစ်လုံးတစ်ခဲတည်း ပေးချေမည့်ကိစ္စ၌ မည်သည့်အခွန်များ ကျသင့်မည်ကို သိရှိလို ခြင်း။

မြေကွက်ငှားရမ်းခြင်းသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄ (ဃ) အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစား (၃၀) တွင် ပါဝင်ခြင်းမရှိသဖြင့် ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပြီး အငှားရယူသူထံမှ ငှားရမ်းခအပြင် ကုန်သွယ်လုပ်ငန်းခွန် ၅ % ထည့်ပေါင်းတောင်းခံ၍ သက်ဆိုင်ရာ အခွန် ရုံးသို့ ပေးသွင်းပေးရပါမည်။ နှစ်(၃၀)ငှားရမ်းခရငွေကို တစ်ကြိမ်တည်းရရှိခြင်းဖြစ်သဖြင့် ဝင်ငွေနှစ်အတွင်းရရှိသည့် စုစုပေါင်းဝင်ငွေအဖြစ် သတ်မှတ်၍ ပုဒ်မ ၆ အရ သက်သာခွင့် များနုတ်ပယ်ပြီး ကျန်ငွေအပေါ် ၁၀ % ဖြင့် ဝင်ငွေခွန် ကျသင့်မည်ဖြစ်ပါသည်။ နှစ် (၃၀) ငှားရမ်းခြင်းအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေ နောက်ဆက်တွဲဇယားအမှတ် စဉ် (၃၅) (က) (၃) အရ သတ်မှတ်ထားသည့် ပျမ်းမျှရရန်ရှိသော ငှားရမ်းခသင့်ငွေပမာဏ သို့မဟုတ် တန်ဖိုးအတွက် တံဆိပ်ခေါင်းခွန် မှာ ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် ၂ % ထမ်းဆောင်ရမည်ဖြစ်ပါသည်။

၅။ ဌာနပိုင် မြေငှားရမ်းခအပေါ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည့် ရာခိုင်နှုန်းနှင့် မည်သည့်ကာလမှ စတင်ကောက်ခံပေးသွင်းရမည်ဖြစ်ကြောင်းသိရှိလိုခြင်း၊ ထိုသို့ပေးဆောင် ရမည်ဖြစ်ကြောင်း ဌာနဆိုင်ရာများသို့ အကြောင်းကြားထားမှု ရှိ/မရှိ သိရှိလိုခြင်း။

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ (ခ)အရ မြေငှားရမ်းပေးသည့် ဌာနအနေဖြင့် မြေငှားရမ်းသူထံမှ ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ပါတည်း ကောက်ခံပြီး ပေးသွင်းရပါ မည်။ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ကုန်သွယ်လုပ်ငန်းခွန် အခွန်နှုန်းထားများကို ၂၀၁၄ ခုနှစ်မှစ၍ နှစ်စဉ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် ပြဌာန်းသတ်မှတ် ပေးလျက်ရှိပြီး အခွန်နှုန်းထားမှာ ၅% ဖြစ်ပါ သည်။ ဌာနပိုင် မြေ/ အဆောက်အဦ ငှားရမ်းခများအပေါ် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ပါတည်းကောက်ခံပြီး သက် ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ ပေးသွင်းရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၏ ၁၅-၅-၂၀၁၅ ရက်နေ့ ရက်စွဲပါ စာအမှတ် ၁၂၆၃/ ၃၃၅ လုပ်ငန်းခွန် ၁-၁၈/ အဖရ (၂၀၁၅) ဖြင့် အစိုးရဌာနများအသီးသီးသို့ အကြောင်းကြားထားပါသည်။

၅။ ကျန်းမာရေးဝန်ကြီးဌာနအောက်တွင် ဆောင်ရွက်နေသည့် ကုမ္ပဏီအနေဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏အမိန့်ကြော်ငြာစာအမှတ် ၄၉/ ၂၀၁၈ အရ ကင်းလွတ်ခွင့် ခံစားနိုင်ရန် မည်သည့် အထောက်အထားများ တင်ပြလျှောက်ထားရမည်ကို သိရှိလိုခြင်း။

ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏အမိန့်ကြော်ငြာစာအမှတ် ၄၉/ ၂၀၁၈ အရ လှူဒါန်းမှုကို လက်ခံမည့် ဌာနအနေဖြင့် ကင်းလွတ်ခွင့်ခံစားနိုင်ရန် အလှူရှင်များမှ နိုင်ငံတော်သို့ တိုက်ရိုက်လှူဒါန်းခြင်းဖြစ်ကြောင်း လှူဒါန်းသည့်အဖွဲ့အစည်းမှ ပေးအပ်သည့် အထောက် အထားများ၊ လက်ခံသည့် သက်ဆိုင်ရာဦးစီးဌာနနှင့် ဝန်ကြီးဌာနတို့၏ လက်ခံ သည့် အထောက်အထားများနှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တင်ပြလျှောက်ထား၍ အတည်ပြုချက် တောင်းခံဆောင်ရွက် ရမည်ဖြစ်ပါသည်။

၄။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၃၈/ ၂၀၁၈ ပါ ကင်းလွတ်ခွင့်များသည် ပြည်တွင်းပြည်ပအဖွဲ့အစည်းများက (NGO) အဖွဲ့အစည်းများ သို့ လှူဒါန်းသည့် ကိစ္စရပ်များနှင့် သက်ဆိုင်မှုရှိမရှိ သိရှိလိုခြင်း။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၃၈/ ၂၀၁၈ သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်က ရယူဆောင်ရွက်သည့် ထောက်ပံ့ငွေများ (Grant Aid ) နှင့် တရားဝင်ဖွံ့ဖြိုးမှုအကူအညီချေးငွေ (Official Development Assistant Loan) တို့ဖြင့် ဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့်သာ သက်ဆိုင်ပါသည်။ “အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဆောင်ရွက်နေသည့် စီမံကိန်းများ သို့မဟုတ် အဆိုပါ အဖွဲ့အစည်းများ၏ အကူအညီဖြင့် ကုမ္ပဏီများက ဆောင်ရွက်နေသည့် အစီအစဉ်များသည် ဤအမိန့်ကြော်ငြာစာနှင့် သက်ဆိုင်ခြင်းမရှိစေရ” ဟု ယင်းအမိန့်ကြော်ငြာစာ အပိုဒ် ၉ တွင် ဖော်ပြထားပါသည်။

၃။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၃၈/ ၂၀၁၈ အပိုဒ် ၁၀ ပါဖော်ပြချက်အရ ၂၀၁၈ ခုနှစ် ဇွန်လ(၁) ရက်မတိုင်မီ ချုပ်ဆိုထားသည့် စာချုပ်များအား ပြန်လည်ပြင်ဆင်ချုပ်ဆိုရန် လို/ မလိုသိရှိလိုခြင်း။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၃၈/ ၂၀၁၈ အပိုဒ် ၁၀ ပါ အမိန့်ကြော်ငြာစာ အကျိုးသက်ရောက်သည့်နေ့ ဖော်ပြချက်သည် အခွန်ဆိုင်ရာကိစ္စရပ်များ အပေါ်တွင် အကျိုးသက်ရောက်ခြင်းဖြစ်သဖြင့် စာချုပ်အား ပြင်ဆင်ချုပ်ဆိုရန် လိုအပ် ခြင်း မရှိပါ။

၂။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၃၈/ ၂၀၁၈ အရ တစ်ဆင့်ခံ ကန်ထရိုက်တာများအနေဖြင့် မည်သည့်အထောက်အထားများတင်ပြ၍ Loan (သို့မဟုတ်) Grant ဖြင့် ဆောင်ရွက်ကြောင်း အတည်ပြုချက်တောင်းခံနိုင်သည်ကို သိရှိ လိုခြင်း။

တစ်ဆင့်ခံကန်ထရိုက်တာများအနေဖြင့် (၁) မူလကန်ထရိုက်တာနှင့် ချုပ်ဆိုထားသည့် စာချုပ်၊ (၂) မူလကန်ထရိုက်တာ၏ မည်သည့် Loan (သို့မဟုတ်) Grant စီမံကိန်းတွင် ဆောင်ရွက်ကြောင်း ထောက်ခံချက်တို့ဖြင့် စီမံကိန်းတာဝန်ခံ လုပ်ငန်း/ ဌာနမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြလျှောက်ထားရမည်ဖြစ်ပါသည်။

၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးရုံးမှ ထုတ်ပြန်ခဲ့သည့် ၂၂-၅-၂၀၁၈ ရက်စွဲပါ စာအမှတ်၊ စဘ/ ဘဏ္ဍာ-၂/၁/ ၂၉၅ (၁၂၅၂/ ၂၀၁၈) နှင့် အမိန့်ကြော်ငြာစာအမှတ်၊ ၃၈/ ၂၀၁၈ တို့သည် တူညီခြင်း ရှိ/ မရှိ သိရှိလိုခြင်း။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးကထုတ်ပြန်ခဲ့သည့် စာအမှတ် စဘ/ ဘဏ္ဍာ-၂/ ၁/ ၂၉၅ (၂၁၅၂/ ၂၀၁၈) သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာ စာအမှတ်- ၄၉/ ၂၀၁၈ ကိုရှင်းလင်းသည့်စာဖြစ်ပါသည်။ အဆိုပါစာသည် ပြည်တွင်း ပြည်ပအလှူရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ နိုင်ငံတော်သို့တိုက်ရိုက် လှူဒါန်း သည့် ကုန်စည် သို့မဟုတ် အထောက်အပံ့ငွေများနှင့်သာ သက်ဆိုင်ပါသည်။ အမိန့် ကြော်ငြာစာအမှတ် ၃၈/ ၂၀၁၈ သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်က ရယူဆောင်ရွက်သည့် ထောက်ပံ့ငွေများ (Grant Aid) နှင့် တရားဝင်ဖွံ့ဖြိုး မှု အကူအညီချေးငွေ၊ (ODA Loan) တို့ဖြင့် ဆောင်ရွက်နေသော နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်းလုပ်ငန်းများနှင့် သက်ဆိုင်ပါသည်။ ထို့ကြောင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီးရုံးမှ ထုတ်ပြန်ခဲ့သည့် စာအမှတ် စဘ/ ဘဏ္ဍာ-၂/ ၁/ ၂၉၅ (၂၁၅၂/ ၂၀၁၈) နှင့် အမိန့်ကြော်ငြာစာအမှတ် ၃၈/ ၂၀၁၈ တို့သည် တူညီခြင်းမရှိပါ။

၁။ လုပ်ငန်းရပ်စဲမည့်ကုမ္ပဏီအနေဖြင့် ရရန်ရှိသည့် ကုန်ကြွေးငွေများကို ၎င်းကုမ္ပဏီက ငွေပေးချေရန် ကျန်ရှိသည့် အခြားကုမ္ပဏီတစ်ခုသို့ လွှဲပြောင်းပေးသည့် ကိစ္စရပ်တွင် ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန်နှုန်းထားအား သိရှိလိုခြင်း၊

မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ(၁၀)တွင် အဓိပ္ပါယ် ဖွင့်ဆိုထားချက် အရ ယင်းဥပဒေဇယား(၁) အမှတ်စဉ် ၂၃ ၊ ပစ္စည်းလွှဲပြောင်းခြင်း စာချုပ်စာတမ်းနှင့် သက်ဆိုင်ပါသည်။

၂။ အမရပူရမြို့နယ်တွင်နေထိုင်သူတစ်ဦးမှ နေအိမ်ပေါင်နှံ၍ ဘဏ်ချေးငွေဆောင်ရွက်ရာတွင် ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းတန်ဖိုးအား သိရှိလို၍ မေးမြန်းခြင်း။

မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၃ ဇယား(၁) အမှတ်စဉ် (၄၀)(က) အရ အဆိုပါ စာချုပ်တွင် ပါဝင်သော ပစ္စည်းအားလုံးကိုဖြစ်စေ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပေါင်နှံ သူက လက်ရှိပေးအပ်လျှင် သို့မဟုတ် ပေးအပ်ရန်သဘောတူလျှင် အဆိုပါစာချုပ်ဖြင့် အာမခံထားသည့်ငွေနှင့် ညီမျှသော အဖိုးစားနားအတွက် တံဆိပ်ခေါင်းခွန်မှာ ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် ၂ % ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၃-က အရ ဇယား(၁) အမှတ်စဉ် (၄၀)(က) နှင့် သက်ဆိုင်ပါက အမှတ်စဉ် (၄၀) (က) အရထမ်းဆောင်ရမည့် တံဆိပ်ခေါင်းတန်ဖိုးအပြင် အပိုတံဆိပ်ခေါင်းခွန် ၂ % အား အဆိုပါ ပစ္စည်းတည်ရှိရာနေရာရှိ ဈေးကွက်ပေါက်ဈေးနှင့်အညီ ထမ်းဆောင်ရမည် ဖြစ်ပါသည်။ အမှတ်စဉ် (၄၀) (ခ) အရ အထက်တွင် ဆိုခဲ့သည့်အတိုင်း လက်ရှိမပေးအပ်လျှင် သို့မဟုတ် ပေးအပ်ရန်သဘောမတူလျှင် အဆိုပါ အပေါင်စာချုပ်ဖြင့် အာမခံသည့်ငွေအတွက် တံဆိပ် ခေါင်းခွန်မှာ ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် ၀.၅ % ဖြစ်ပါသည်။

၃။ တာမွေမြို့နယ်တွင် နေထိုင်သည့် လူပုဂ္ဂိုလ်တစ်ဦးက ၎င်းပိုင်တိုက်ခန်းအား ရုံးခန်းအဖြစ် ဖွင့်လှစ်ရန် ငှားရမ်းခြင်းအတွက် တံဆိပ်ခေါင်းခွန်ကို မည်သူကထမ်းဆောင်ရပါကြောင်းနှင့် မည်သည့်အချိန်တွင် ထမ်းဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း။

ရုံးခန်းငှားရမ်းခြင်းအတွက် စာချုပ်ချုပ်ဆိုခြင်းအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေ ပုဒ်မ ၂၉ (ဂ) အရ ငှားရမ်းမည့်သူက (Lessee) ငှားရမ်းသည့် ကာလအပေါ်မူတည်၍ မြန်မာနိုင်ငံတံဆိပ် ခေါင်းအက်ဥပဒေ နောက်ဆက်တွဲဇယား (၁) အမှတ်စဉ် (၃၅) ပါ နှုန်းထားများအတိုင်း ထမ်းဆောင်ရမည်ဖြစ်ပါသည်။ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည့် အချိန်မှာ မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်အက်ဥပဒေပုဒ်မ ၁၇ အရ တံဆိပ်ခေါင်းခွန်ထိုက်သင့် သော စာချုပ်စာတမ်း များအားလုံးကို စာချုပ်မချုပ်ဆိုမီဖြစ်စေ ချုပ်ဆိုသည့်အခါ၌ဖြစ်စေ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ဖြစ်ပါသည်။

၄။ ရန်ကင်းမြို့နယ်ရှိ ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရုံးခန်းအဖြစ်အသုံးပြုရန်အတွက် (၂) နှစ် ငှားရမ်းမည့်စာချုပ်ချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရခြင်း ရှိ/မရှိ နှင့် ထမ်းဆောင်ရမည်ဆိုပါက တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်ကို သိရှိလိုသဖြင့် မေးမြန်းခြင်း။

ကုမ္ပဏီရုံးခန်းအဖြစ်အသုံးပြုရန်အတွက် (၂) နှစ် ငှားရမ်းမည့် စာချုပ်ချုပ်ဆိုခြင်းသည် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ (၃) အရ လည်းကောင်း၊ နောက်ဆက်တွဲဇယား(၁) တွင် တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် စာချုပ်စာတမ်း (၆၅) မျိုး၏ အမှတ်စဉ် (၃၅) အငှားစာချုပ်ဖြစ်သဖြင့် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။ ထိုအငှားစာချုပ် ချုပ်ဆိုခြင်းအပေါ် နောက်ဆက်တွဲ ဇယား(၁) အမှတ်စဉ် (၃၅) က(၂) အရ သတ်မှတ် ထားသည့် ပျမ်းမျှရရန်ရှိသော ငှားရမ်းခသင့်ငွေပမာဏ (သို့) တန်ဖိုးအပေါ် ၀.၅ % တံဆိပ် ခေါင်းခွန် ထမ်းဆောင်ရမည်ဖြစ်ပါသည်။

၅။ ချမ်းမြသာစည်မြို့နယ်ရှိ ကုမ္ပဏီတစ်ခုမှ ရုံးဖွင့်လှစ်ရန်အတွက် အဆောက်အဦပါ မြေနေရာငှားရမ်းခြင်းအပေါ် ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန်နှုန်းထားအား သိရှိလိုသဖြင့် မေးမြန်းခြင်း။

ကုမ္ပဏီရုံးခန်းဖွင့်လှစ်ရန် အဆောက်အဦးပါ မြေနေရာငှားရမ်းခြင်းအပေါ် အငှားစာချုပ် ချုပ်ဆိုရာ၌ ငှားရမ်းသည့်ကာလသည် (၃) နှစ်ထက်မပိုသောကာလအပိုင်းအခြားအတွက် တံဆိပ်ခေါင်းခွန်မှာ သတ်မှတ်ထားသည့် ပျမ်းမျှရရန်ရှိသော ငှားရမ်းခသင့်ငွေပမာဏ (သို့မဟုတ်) တန်ဖိုးအပေါ် ၀.၅ ငှားရမ်း% အား သူမှ ထမ်းဆောင်ရမည်ဖြစ်ပါသည်။