အထူးကုန်စည်ခွန် FAQ Accordion

ကျောက်မျက်ရတနာပြပွဲ၌ ကျောက်မျက်ရတနာရောင်းချပြီး ကြိုတင်စရံငွေပေးသွင်းခဲ့သော်လည်း အရောင်းအဝယ်ကိစ္စ ပျက်ပြယ်ခဲ့လျှင် ၎င်းကြိုတင်ငွေပေးချေပြီးမှုအပေါ် အထူးကုန်စည်ခွန် ကျသင့်မည်လား၊ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်လား။

ကျောက်မျက်ရတနာပြပွဲ၌ ကျောက်မျက်ရတနာရောင်းချပြီး ကြိုတင်စရံငွေရခဲ့သော်လည်း အရောင်းအဝယ် ပျက်ပြယ်သဖြင့် စရံငွေကိုရောင်းချသူမှရရှိသည့်ကိစ္စတွင် အထူးကုန်စည်ခွန် ရောင်းချရခြင်းမှ ရရှိသောဝင်ငွေမဟုတ်ဘဲ၊ ဝန်ဆောင်ခအနေဖြင့် ရရှိခဲ့ခြင်းကြောင့် အထူးကုန်စည်ခွန် ကျသင့်မည်မဟုတ်ဘဲ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ ကင်းလွတ်ခွင့်ရှိသည့် ဝန်ဆောင်မှုတွင်မပါဝင်၍ ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည် ဖြစ်ပါသည်။

အထူးကုန်စည်များကို ရောင်းချသည့်လကုန်ဆုံးပြီး (၁၀) ရက်အတွင်းကျသင့်အခွန် ပေးဆောင်ရမည်ဟုပြဋ္ဌာန်းထားရာ ကျောက်မျက်ရတနာများအနေဖြင့် မည်သည့်နေ့ကို ရောင်းချသည့်နေ့ဟုသတ်မှတ်သင့် ကြောင်း၊ ကြိုတင်စရံငွေပေးသွင်းသည့်နေ့ကို ဆိုလိုပါသလား (သို့) ငွေပေးချေပြီးနေ့ ကိုဆိုလိုပါသလားသိလိုခြင်း။

ကျောက်မျက်ရတနာရောင်းချရာတွင် ကျောက်မျက်ရတနာပြပွဲတွင်ရောင်းချပြီးနောက် ကျောက်မျက်ရတနာတန်ဖိုးငွေအပြည့် ပေးချေသည့်နေ့ကို ရောင်းချသည့်နေ့ဟု မှတ်ယူရမည်ဖြစ်ပါသည်။

လုပ်ငန်းဥပစာနေရာအတွင်းမှ အရက်၊ စီးကရက်၊ ဝိုင် တို့အား မည်သို့ဆောင်ရွက်ပြီးမှသာ အခြားတစ်နေရာသို့ ရွှေ့ပြောင်းခွင့်ရှိမည်နည်း။

ထုတ်လုပ်သည့် လုပ်ငန်းဥပစာနေရာအတွင်းမှ အရက်၊ စီးကရက်၊ ဝိုင်တို့အား အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပြီးမှသာ အခြားတစ်နေရာသို့ ရွှေ့ပြောင်းခွင့်ရှိနိုင်မည်ဖြစ်သည်။

လုပ်ငန်းဥပစာနေရာအား အတည်ပြုသတ်မှတ်ပေးရန် လိုအပ်ပါမည်လား။

လုပ်ငန်းဥပစာနေရာအား ပြည်တွင်းအခွန်များဦးစီးဌာနသို့ တင်ပြ၍ဌာနက အတည်ပြုသတ်မှတ်ပေးမည်ဖြစ်ပါသည်။

အထူးကုန်စည်ခွန် ဥပဒေပုဒ်မ ၃ ပုဒ်မခွဲ (ဂ)အရ နောက်ဆက်တွဲဇယားတွင် ဖော်ပြထားသည့် ကျောက် မျက်ရတနာအချောထည်များနှင့် လက်ဝတ်ရတနာများဆိုသည့် စကားရပ်တွင်ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သည့် ပယင်းပါဝင်ခြင်း ရှိ/ မရှိနှင့် လက်ဝတ်ရတနာဆိုသည်မှာ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်တို့ဖြင့် သီးခြားပြုလုပ်ထားသည့် လက်ဝတ်ရတနာကို ခေါ်ဆိုပါသလား။ သို့မဟုတ် အဆိုပါ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်တို့ကို ရွှေဖြင့်ပေါင်းစပ်ပြုလုပ်ထားသည့် အစုအဝေးကိုခေါ်ဆိုပါသလား။ ရွှေ၊ ပလက်တီနံ၊ ကြေး၊ ငွေတို့ဖြင့် ပေါင်းစပ်ပြုလုပ်ထားပါက မည်သည့်အလေးချိန်၊ တန်ဖိုးမည်မျှအထိကို အထူးကုန်စည်ဟု သတ်မှတ်ချက်ရှိပါသလား။

မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂(က) အရ ကျောက်မျက်ရတနာဆိုသည်မှာ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ စိန်၊ ပန်းညံ့၊ ပြောင်ခေါင်းစိမ်း၊ သုံးပန်လှမျိုးကျောက်၊ ဖရဲအူ၊ ရွှေတွင်းဝါ၊ မြမျိုးကျောက်၊ ဂေါ်မိတ်၊ ထပ်တစ်ရာ၊ သလင်းတူကျောက်၊ ဥဒေါင်၊ မျော၊ အညံ့ နီလာ၊ နဂါးသွဲ့၊ ကြံဆစ်ရေကျောက်၊ ပါလဒုတ္တာ၊ မြတူကျောက်၊ ပယင်း၊ ပုလဲပြာ၊ နက်ဖရိုက်၊ မှော်စစ်စစ်၊ ထုံကုံး၊ ပလွမ်၊ ထပ်ကျောက်၊ ထပ်ကွာစိမ်း၊ မိုးညှင်းနီလာ၊ ရေဂေါ်မိတ်၊ သန္တာ၊ ပိန်းနိုက်၊ သူရောင်၊ ဆာပင်တင်း၊ ငုပဆစ်၊ ဆိုဒါလိုက် သို့မဟုတ် အမ်ဖီဗိုးအုပ်စုဝင် ကျောက်များကိုဆိုသည်။ ယင်းစကားရပ်တွင် ရတနာတန်းဝင် ရောင်စုံကျောက်များ၊ သလင်း အုပ်စု၌ပါဝင်သော ရတနာတန်းဝင်ကျောက်များနှင့် သတ္တုတွင်းဝန်ကြီးဌာနက ပြည်ထောင်စု အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် အခါအားလျော်စွာ အမိန့်ကြော်ငြာစာထုတ်ပြန်၍ ကျောက်မျက် ရတနာဟုသတ်မှတ်သည့် ပစ္စည်းများလည်း ပါဝင်သည်။ အဆိုပါ ဥပဒေပုဒ်မ ၂(င) အရ လက်ဝတ်ရတနာဆိုသည်မှာ ကျောက်မျက်ရတနာအချောထည်ပါရှိသည့် လက်ဝတ်ရတနာကိုဆို သည်။ ကျောက်မျက်အထူးကုန်စည်ကို အလေးချိန်နှင့်သတ်မှတ်ခြင်းမရှိပါ။

Pages